April 20, 2024

MT News

ပုဂ္ဂလိကဘဏ်များ၏အပ်ငွေသည် ယခင်ဘဏ္ဍာနှစ်နှင့်နှိုင်းယှဉ်ပါက ၁၄ ဒသမ ၄၂ ရာခိုင်နှုန်းနှင့် ချေးငွေတွင် ၇ ဒသမ ၈၁ ရာခိုင်နှုန်း တိုးတက်ခဲ့သည်ဟု ​မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေက ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်ကုန်တွင် မြန်မာနိုင်ငံဘဏ်လုပ်ငန်းကဏ္ဍရှိ ငွေကြေးဆိုင်ရာ ဖြစ်ပေါ်တိုးတက်မှုများ၊ နိုင်ငံခြားဘဏ်များနှင့် ငွေပေးချေမှုကိစ္စရပ်များ၊ ငွေကြေးခဝါချမှုဆိုင်ရာသတ်မှတ်စည်းမျဉ်းစည်းကမ်းများ လိုက်နာဆောင်ရွက်မှု အခြေအနေများအပေါ် မြန်မာနိုင်ငံတော်ဗဟိုဘဏ်နှင့် ပုဂ္ဂလိကဘဏ်များအကြား သုံးသပ်ဆွေးနွေးသည့် အစည်းအဝေးတွင် ပြောကြားသည်။

ထိုအစည်းအဝေးတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေက မြန်မာနိုင်ငံ ဘဏ်လုပ်ငန်းကဏ္ဍ၏ ၂၀၂၁ ခုနှစ်မှ ၂၀၂၃ ခုနှစ် ၃ နှစ်တာကာလအတွင်း တိုးတက်မှုအခြေ အနေများကို ဆွေးနွေးခဲ့ရာ ပုဂ္ဂလိကဘဏ်များ၏အပ်ငွေသည် ယခင်ဘဏ္ဍာနှစ်နှင့်နှိုင်းယှဉ်ပါက ၁၄ ဒသမ ၄၂ ရာခိုင်နှုန်း ၊ ချေးငွေသည် ၇ ဒသမ ၈၁ ဒသမ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း၊ Credit to GDP Ratio သည် ၂၈ ရာခိုင်နှုန်းရှိကြောင်း၊ ယခင်နှစ်နှင့် နှိုင်းယှဉ်ပါက ဘဏ်များ၏ ဗဟိုဘဏ်ရှိအပ်နှံငွေသည် ၃၅ ရာခိုင်နှုန်းနှင့် ဘဏ်များ၏လက်ဝယ်ရှိ ငွေသားလက်ကျန်ပမာဏသည် ၃၆ ရာခိုင်နှုန်း တိုးတက်လာကြောင်း၊ Interbank Market ရှိ ငွေကြေးလွယ်ကူမှု Turnover သည် ကျပ် ၁,၁၆၆ ဘီလျံ၊ ယခင်နှစ်နှင့် နှိုင်းယှဉ်ပါက ၉၈ ရာခိုင်နှုန်း ခန့်တိုးတက်ခဲ့ကြောင်း၊ နိုင်ငံခြားဘဏ်များနှင့် ပုဂ္ဂလိကဘဏ်များ အကြားတွင် ကျပ်ငွေလွယ်ကူမှု ပိုမိုမြင့်မားလာကြောင်း၊ ကုန်သွယ်မှုကဏ္ဍအတွက် လိုအပ်သည့် ကာလတို ငွေကြေးဖြည့်ဆည်းမှုများအားကောင်းလာကြောင်း၊ စီးပွားရေးဖွံ့ဖြိုးလာမှုနှင့် လုပ်ငန်း များ လည်ပတ်မှုများအားကောင်းလာသဖြင့် ဘဏ်များအနေဖြင့် ချေးငွေများပိုမို ကောက်ခံရရှိ လာပြီး၊ ချေးငွေများပေါ် (Restructuring and Rescheduling) များ ဆောင်ရွက်ပေးခြင်းကြောင့် ပိုမိုလုပ်သာကိုင်သာရှိလာသဖြင့် အရင်း/အတိုး ပေးဆပ်ရန်ပျက်ကွက်သော ချေးငွေများ လျော့နည်း ကျဆင်းလာကြောင်း စသည့်ဘဏ်လုပ်ငန်းကဏ္ဍအတွင်း ဖြစ်ပေါ်တိုးတက်လျက်ရှိသည့် အခြေ အနေများကို ရှင်းလင်းဆွေးနွေး ပြောကြားခဲ့သည်။

ဆက်လက်ပြီး နိုင်ငံခြားငွေနှင့်ပတ်သက်၍ ဗဟိုဘဏ်က သတ်မှတ်ပေးသည့် စည်းမျဉ်းများကို ဘဏ်များ၊ Exporter များ၊ Importer များလိုက်နာစေရေး Export Earnings ပြန်မဝင်သည့်ကိစ္စရပ်များစောင့်ကြည့်စစ်ဆေးနိုင်ရေး၊ လိုအပ်သည့်အထောက်အထားများ ရယူ စစ်ဆေးနိုင်ရေး၊ KYC/CDD နှင့် အမေရိကန်ဒေါ်လာ ၁၀,၀၀၀ နှင့်အထက် ငွေလွှဲဝင်ရောက်ခြင်းများကို ဗဟိုဘဏ်သို့ သတင်းပို့ရေး၊ သတင်းပို့ရန် ပျက်ကွက် ပေါ့လျော့မှုများကြောင့် ဆုံးရှုံးမှုများ ဖြစ်လာပါက စီမံခန့်ခွဲရေးဆိုင်ရာနည်းလမ်းဖြင့် အရေးယူသွားမည်ဖြစ်ကြောင်းနှင့် ငွေကြေးဆိုင်ရာစုံစမ်းထောက်လှမ်းရေးအဖွဲ့ (FIU) သို့ သတင်းပေးပို့ရမည့် စာရင်းများအား စနစ်တကျ စောင့်ကြည့်ပေးပို့သွားရန် လိုအပ်ကြောင်း ၊ ဗဟိုဘဏ်အနေဖြင့် တိုင်းပြည်၏ ငွေကြေးကဏ္ဍကို နေ့စဉ်စောင့်ကြည့်လျက်ရှိပြီး မြင့်တက်လျက်ရှိသော ငွေကြေးဖောင်းပွမှုနှုန်းကို ထိန်းကျောင်း နိုင်ရန်အတွက် ငွေကြေးမူဝါဒနည်းလမ်းများအနက် မိမိနိုင်ငံ၏ မေခရိုစီးပွားရေးအခြေအနေနှင့် လိုက်လျောညီထွေရှိမည့် အနည်းဆုံးသီးသန့်ငွေလိုအပ်ချက်အချိုးသတ်မှတ်ခြင်းကို ကျင့်သုံး ဆောင်ရွက်လျက်ရှိပြီး၊ ပျမ်းမျှပိုလျှံသီးသန့်ငွေအပေါ် အတိုးပေးခြင်းကို ဆောင်ရွက်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ကျင့်သုံးဆောင်ရွက်မည့် ငွေကြေးမူဝါဒနည်းလမ်းများ နှင့်စပ်လျဉ်း၍ ငွေကြေးမူဝါဒကော်မတီအစည်းအဝေးများတွင် တင်ပြ၍ အကောင်အထည်ဖော် ဆောင်ရွက်ရမည့်ကိစ္စရပ်များအားဘဏ်များသို့ အသိပေးရှင်းလင်းပြောကြားပါကြောင်းပြောကြားခဲ့သည်။

ထို့ပြင် ဗဟိုဘဏ်ဥက္ကဋ္ဌက ဘဏ်များတွင် Governance Structure သည်အရေးကြီးကြောင်း၊ Management အဖွဲ့သည် ဘဏ်၏ နေ့စဉ်ငွေကြေးလွယ်ကူမှု၊ သတ်မှတ်အချိုးများလိုက်နာမှုကို စဉ်ဆက်မပြတ်သုံးသပ်ရန် လိုအပ်ကြောင်း၊ Digital Platform မှ ဘဏ်လုပ်ငန်း ဝန်ဆောင်မှုတိုးမြှင့်ဆောင်ရွက်ပေးရန်နှင့်ငွေအပ်နှံသူများ၏ အကျိုးစီးပွားကိုရှေးရှု၍ ဆောင်ရွက်သွားရန်၊ Internal Control အားကောင်းစေရန်၊ Market အခြေအနေပေါ်မူတည်ပြီး Business Strategy ပြင်ဆင်ဆောင်ရွက်ရန်၊ နိုင်ငံခြားငွေကိစ္စရပ်များကို စည်းမျဉ်းစည်းကမ်းနှင့်အညီ ဆောင်ရွက်ရန်၊ နယ်စပ်ဒေသတွင် ဖွင့်လှစ်ထားသည့် ဘဏ်ခွဲများ၌ တရားမဝင်ငွေလွှဲကိစ္စရပ်များ မဖြစ်ပွားအောင် အထူးဂရုပြု ဆောင်ရွက်သွားရန်ဖြစ်ကြောင်းနှင့် ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုများသည် မိုဘိုင်းဖုန်းအသုံးပြု၍ ငွေလွှဲဆောင်ရွက်မှုများမှတစ်ဆင့် အဖြစ်များသဖြင့် Monitoring အလေးထားဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ဗဟိုဘဏ် အနေဖြင့်လည်း ဘဏ်များ၏ လိုအပ်ချက်အပေါ်မူတည်ပြီး ပံ့ပိုးကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ထိုသို့ပံ့ပိုးပေးနေသည့်အတွက် ဘဏ်များအနေဖြင့် စည်းကမ်းတကျလိုက်ပါ ဆောင်ရွက်ဖို့လိုအပ်ကြောင်းပြောကြားခဲ့သည်။

ကုန်သွယ်မှုကဏ္ဍတွင် ဒေသသုံးငွေကြေးများပိုမိုသုံးစွဲပြီး ဒေါ်လာပေါ်မှီခိုအားထားမှုလျှော့ချပြီး Currency Diversification ကို ဆုံးရှုံးနိုင်ခြေပေါ်မူတည်၍ စီမံခန့်ခွဲရန် လိုအပ်ကြောင်း၊ ယွမ်/ထိုင်းဘတ်အပြင် ရူပီးနှင့်ကျပ် ကိုပါ သုံးစွဲနိုင်ရေး အိန္ဒိယဗဟိုဘဏ်နှင့် အတည်ပြုချက်ရယူပြီး၍ မကြာခင်ကုန်သွယ်မှုကဏ္ဍသို့ ဆောင်ရွက်မည့် အစီအမံများ ချပြပေးမည်ဖြစ်ကြောင်း ဗဟိုဘဏ်ဥက္ကဋ္ဌက ဆွေးနွေးခဲ့သည်ဟုလည်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *