နေမိုး
၈. ၅. ၂၀၂၆
ဇနီးနှင့် ရင်သွေးကိုပစ်ထားပြီး မယားငယ်ဖြင့်နေထိုင်နေသော မန္တလေးဒေသကြားကာလအုပ်ချုပ်ရေးကောင်စီ၏ လူငယ်၊ အမျိုးသမီးနှင့် ကလေးသူငယ် ရေးရာဌာနကြီး၏ ဌာနကြီးမှူးကို ပြည့်စုံအောင် (ခ) မောင်သုကို ထုတ်ပယ်လိုက်သည်ဟု မန္တလေးဒေသကြားကာလအုပ်ချုပ်ရေးကောင်စီက ကြေညာသည်။
မန္တလေးဒေသကြားကာလအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌသည် မန္တလေးဒေသကြားကာလ နိုင်ငံရေးအစီအမံ ပုဒ်မ (၈၈)၊ (၈၉) အရ မန္တလေးဒေသလွှတ်တော်၏ သဘောတူဆုံးဖြတ်ချက်ဖြင့် မန္တလေးဒေသကြားကာလအုပ်ချုပ်ရေးကောင်စီ ကောင်စီဝင်အဖြစ်မှလည်းကောင်း လူငယ်၊ အမျိုးသမီးနှင့် ကလေးသူငယ် ရေးရာဌာနကြီး၏ ဌာနကြီးမှူးအဖြစ်မှ လည်းကောင်း ဦးပြည့်စုံအောင် (ခ) မောင်သုညအား ထုတ်ပယ်လိုက်သည်ဟု NUG ကို ဩဇာခံသော မန္တလေးဒေသကြားကာလအုပ်ချုပ်ရေးကောင်စီက ဖော်ပြသည်။
မန္တလေးဒေသကြားကာလအုပ်ချုပ်ရေးကောင်စီ၏ ပို့စ်အောက်တွင်လည်း ပြည့်စုံအောင် (ခ) မောင်သုညကို ထုတ်မှုအပြင် အခြား ဌာနကြီးမှူးဖြစ်သော အေးမြင့်အောင်အောင်ကိုလည်း ထုတ်သင့်ကြောင်း ဝေဖန်နေသည်။
“လူငယ် အမျိုးသမီး ကလေးသူငယ် စောင့်ရှောက်ရမယ့်ကောင်က အိမ်က မိန်းမနဲ့ ကလေးကို မဲဆောက်မှာပစ်ထားပီး မယားငယ်နဲ့ နှပ်နေတာ။ အဲကောင် အထုတ်ခံရတာ နည်းတောင် နည်းသေးတယ်။ မုဒိန်းမှုနဲ့ပါ တရားစွဲ ထောင်ချပစ်ရမှာ။ ခင်ဗျားတို့ ကြားကာလ အစိုးရ အဖွဲ့တွေလည်း လူခန့်မယ်ဆို သေချာ စုံစမ်းပြီးမှ ခန့်ကြ။”ဟုလည်း Kureh Saw အကောင့်ပိုင်ရှင်က ဝေဖန်ထားသည်။
MT News ၏ ကနဦးစုံစမ်းမှုအရလည်း ပြည့်စုံအောင် (ခ) မောင်သုညမှာ မယားငယ်နှင့် ပျော်ပါးနေပြီး ဇနီးနှင့်ကလေးကို ပစ်ထားသဖြင့် မန္တလေးဒေသကြားကာလအုပ်ချုပ်ရေးကောင်စီကိုပါ ဝေဖန်ခံရ၍ ထုတ်ပယ်ခြင်းဟုလည်း သိရသည်။
