သက်တံ့
၈. ၅. ၂၀၂၆
ဖိလစ်ပိုင်ကမ်းခြေစောင့်တပ်ဖွဲ့ (PCG) သည် ကာလာယန်းကျွန်းစု (KIG) ပတ်ဝန်းကျင် ရေပြင်အတွင်းသို့ ကျူးကျော်ဝင်ရောက်လာသော တရုတ်သုတေသနသင်္ဘောများနှင့် ပြည်သူ့စစ်သင်္ဘောများကို ဗုဒ္ဓဟူးနေ့က ပြုလုပ်သည့် ပုံမှန်ကင်းလှည့်ပျံသန်းမှုအတွင်း စောင့်ကြည့်တွေ့ရှိခဲ့ကြောင်း သိရသည်။
အနောက်ဖိလစ်ပိုင်ပင်လယ် (WPS) ဆိုင်ရာ PCG ပြောရေးဆိုခွင့်ရှိသူ ရေတပ်ဗိုလ်ချုပ် ဂျေးတာရီယဲလား (Jay Tarriela) က ကြာသပတေးနေ့တွင် ထုတ်ပြန်သည့် ကြေညာချက်၌ တရုတ်သမုဒ္ဒရာသုတေသနသင်္ဘော “Xiang Yang Hong 33” သည် တရုတ်ကမ်းခြေစောင့်တပ်ဖွဲ့ (CCG) သင်္ဘော BN 5309 ၏ စောင့်ရှောက်မှုဖြင့် Rozul သန္တာကျောက်တန်း၏ အနောက်ဘက် ၇ ဒသမ ၃၄ ရေမိုင်ခန့်အကွာတွင် ကျောက်ချရပ်နားထားသည်ကို တွေ့ရှိခဲ့ကြောင်း ဖော်ပြထားသည်။
“အဆိုပါသင်္ဘောဟာ သန္တာကျောက်တန်းဆီကို ဝန်ဆောင်မှုပေးတဲ့ စက်လှေတစ်စင်း စေလွှတ်နေတာကို တွေ့ရတဲ့အတွက် ခွင့်ပြုချက်မရှိဘဲ ပင်လယ်ပြင်သိပ္ပံနည်းကျ သုတေသန (MSR) လုပ်ငန်းတွေ ဆောင်ရွက်နေတာကို အတည်ပြုနိုင်ခဲ့ပါတယ်” ဟု တာရီယဲလားက ပြောကြားခဲ့သည်။
ကနေဒါနိုင်ငံ၏ Dark Vessel Detection (DVD) စနစ်အရ အဆိုပါ Xiang Yang Hong 33 သင်္ဘောသည် ဧပြီလ ၁၅ ရက်နေ့က တရုတ်နိုင်ငံမှ ထွက်ခွာလာခြင်းဖြစ်ပြီး ဖိလစ်ပိုင်၏ သီးသန့်စီးပွားရေးဇုန် (EEZ) အတွင်းရှိ နေရာအများအပြားတွင် စနစ်တကျ စစ်တမ်းကောက်ယူမှုများ ပြုလုပ်နေခြင်းဖြစ်သည်။
အဆိုပါသင်္ဘောအား ဧပြီလ ၂၀ ရက်မှ ၂၂ ရက်အထိ Ayungin သန္တာကျောက်တန်းတွင် လည်းကောင်း၊ ဧပြီ ၂၂ မှ ၂၈ ရက်အထိ Escoda သန္တာကျောက်တန်းတွင် လည်းကောင်း၊ ယင်းနောက် Arellano၊ Bulig၊ Panganiban နှင့် Quirino Atoll တို့တွင်လည်းကောင်း အဆင့်ဆင့်ရွှေ့ပြောင်းကာ သုတေသနလုပ်ငန်းများ လုပ်ဆောင်ခဲ့သည်ကို ခြေရာခံမိခဲ့ကြောင်း သိရသည်။
ထို့အပြင် PCG ၏ Islander 4177 လေယာဉ်သည် ကာလာယန်းကျွန်းစုအတွင်းရှိ Cay 1 နှင့် Cay 2 ပတ်ဝန်းကျင်တွင် စုဖွဲ့ကျောက်ချထားသည့် တရုတ်ပင်လယ်ပြင်ပြည်သူ့စစ်သင်္ဘော ၂၈ စင်းနှင့် Pag-asa ကျွန်း၏ အနောက်ဘက် ၂ ရေမိုင်ခန့်တွင် ရှိနေသည့် တရုတ်ကမ်းခြေစောင့်သင်္ဘော (CCG 5101) တစ်စင်းတို့ကိုလည်း တွေ့ရှိခဲ့သည်။
ယခုကဲ့သို့ တရုတ်သင်္ဘောများ၏ လုပ်ရပ်သည် ကုလသမဂ္ဂ ပင်လယ်ပြင်ဥပဒေဆိုင်ရာ ကွန်ဗင်းရှင်း (UNCLOS) ကို ဗြောင်ကျကျ ချိုးဖောက်ခြင်းဖြစ်ကြောင်း PCG အရာရှိက ဆိုသည်။
“UNCLOS ဥပဒေအရ ကမ်းရိုးတန်းနိုင်ငံတစ်ခုရဲ့ သီးသန့်စီးပွားရေးဇုန် (EEZ) အတွင်းမှာ သိပ္ပံနည်းကျ သုတေသနပြုလုပ်မယ်ဆိုရင် အဲဒီနိုင်ငံရဲ့ ခွင့်ပြုချက် အတိအလင်းရယူရပါမယ်။ ဖိလစ်ပိုင်အစိုးရအနေနဲ့ တရုတ်နိုင်ငံကို ဒီရေပြင်မှာ သုတေသနလုပ်ဖို့ ဘယ်လိုခွင့်ပြုချက်မှ ပေးမထားပါဘူး” ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။
တရုတ်သင်္ဘောများ ရှိနေခြင်းသည် ဖိလစ်ပိုင်၏ အချုပ်အခြာအာဏာပိုင်ခွင့်နှင့် ပင်လယ်ပြင် စီရင်ပိုင်ခွင့်ကို ပြင်းပြင်းထန်ထန် ထိပါးခြင်းဖြစ်သည့်အပြင် ၎င်းတို့ကိုယ်တိုင် လက်မှတ်ရေးထိုးထားသည့် UNCLOS ဥပဒေအပေါ် လုံးဝလေးစားမှုမရှိခြင်းကို ပြသနေခြင်းဖြစ်ကြောင်း ၎င်းက ဝေဖန်ပြောဆိုခဲ့သည်။
ဖိလစ်ပိုင်ဘက်က ထိုကဲ့သို့ ပြင်းပြင်းထန်ထန် စွပ်စွဲခဲ့သော်လည်း တရုတ်ကမ်းခြေစောင့်တပ်ဖွဲ့ (CCG) ဘက်ကမူ ၎င်းတို့၏ ပင်လယ်ပြင် သိပ္ပံနည်းကျ သုတေသနလုပ်ငန်းများအပေါ် တရားမဝင် နှောင့်ယှက်ခြင်းနှင့် ဂုဏ်သိက္ခာညှိုးနွမ်းစေရန် နာမည်ဖျက် လှုံ့ဆော်သည့် ဝါဒဖြန့်မှုများကို ချက်ချင်းရပ်တန့်ရန် ဖိလစ်ပိုင်ကို ပြန်လည်တိုက်တွန်းခဲ့သည်။
တရုတ်နိုင်ငံ၏ သုတေသနသင်္ဘော Xiangyanghong 33 သည် တရုတ်နိုင်ငံပိုင် Houteng Jiao အနီး ရေပြင်တွင် တရားဝင် ပင်လယ်ပြင်ဂေဟစနစ် စစ်တမ်းကောက်ယူနေစဉ် ဖိလစ်ပိုင်ကမ်းခြေစောင့်တပ်ဖွဲ့ပိုင် Islander လေယာဉ်တစ်စင်းသည် ဗုဒ္ဓဟူးနေ့က ရည်ရွယ်ချက်ရှိရှိ ချဉ်းကပ်နှောင့်ယှက်ခဲ့ကြောင်း CCG ပြောရေးဆိုခွင့်ရှိသူ ကျန်းလု (Jiang Lue) က မှတ်ချက်ပြုခဲ့သည်။
တရုတ်ကမ်းခြေစောင့်တပ်ဖွဲ့အနေဖြင့် အဆိုပါလေယာဉ်ကို နောက်ယောင်ခံစောင့်ကြည့်ခဲ့ပြီး တရုတ်သုတေသနသင်္ဘော၏ လုပ်ငန်းဆောင်တာများ ဘေးကင်းလုံခြုံစေရန်အတွက် ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ကိုင်တွယ်ဆောင်ရွက်ခဲ့ကြောင်း ကျန်းက ပြောကြားခဲ့သည်။ ထို့အပြင် ဖိလစ်ပိုင်ဘက်မှ စွပ်စွဲချက်များသည် အချက်အလက်များကို လိမ်လည်လှည့်ဖျားခြင်းသာဖြစ်ပြီး လူထုကို လမ်းမှားရောက်စေရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း ၎င်းက အလေးအနက် ပြောဆိုခဲ့သည်။
အလားတူ တရုတ်နိုင်ငံ၏ စီရင်ပိုင်ခွင့်အာဏာရှိသော ရေပြင်များအတွင်း အခွင့်အရေး ကာကွယ်စောင့်ရှောက်ခြင်းနှင့် တရားဥပဒေစိုးမိုးရေး လုပ်ငန်းများကို ဥပဒေနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကျန်းက ထပ်လောင်းပြောကြားခဲ့သည်။
ယင်းအပြင် တရုတ်နိုင်ငံ၏ သိပ္ပံနည်းကျ စစ်တမ်းကောက်ယူရေးလုပ်ငန်းများ ဘေးကင်းစေရန်နှင့် တောင်တရုတ်ပင်လယ်အတွင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို ထိန်းသိမ်းရန်အတွက် လိုအပ်သည့် အစီအမံအားလုံးကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း ကျန်းက ပြောကြားခဲ့သည်။
တောင်တရုတ်ပင်လယ်သည် တရုတ်နှင့် ဖိလစ်ပိုင်အပါအဝင် အာဆီယံနိုင်ငံအချို့အကြားတွင် ပင်လယ်ပြင်ရေပိုင်နက် အငြင်းပွားနေဆဲနေရာဖြစ်ပြီး ပိုင်နက်ကျူးလွန်မှုဆိုင်ရာအငြင်းပွားမှုများ မကြာခဏ ဖြစ်ပွားလေ့ရှိသည်။
Ref: Xinhua & PNA (Philippine News Agency)
