သက်တံ့
၈. ၅. ၂၀၂၆
အာဆီယံ ထိပ်သီးအစည်းအဝေးမတိုင်မီ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများသည် ဖိလစ်ပိုင်နိုင်ငံ၊ စီဘူးမြို့တွင် ကြာသပတေးနေ့ (မေလ ၇ ရက်) က အဆင့်မြင့်အစည်းအဝေးတစ်ရပ် ကျင်းပခဲ့ပြီးနောက် ဒေသတွင်း ဦးစားပေးလုပ်ငန်းစဉ်များနှင့် အာဆီယံအသိုက်အဝန်း တည်ဆောက်ရေးဆိုင်ရာ ရေရှည်ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း တရားဝင်သတင်းထုတ်ပြန်ချက်အရ သိရသည်။
အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ဝန်ကြီးများသည် အာဆီယံအသိုက်အဝန်း တည်ဆောက်ရေးဆိုင်ရာ ဖြစ်ပေါ်တိုးတက်မှုများကို ပြန်လည်သုံးသပ်ခဲ့ကြသည်။ ထိုသို့သုံးသပ်ရာတွင် ၂၀၂၆ ခုနှစ် ဇူလိုင်လတွင် ကျင်းပရန် စီစဉ်ထားသည့် အရှေ့တောင်အာရှ ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးစာချုပ် (TAC) နှစ် ၅၀ ပြည့် အထိမ်းအမှတ် အခမ်းအနားအတွက် ပြင်ဆင်မှုများအပြင် အာဆီယံအဖွဲ့ဝင်အဖြစ် တရားဝင်လက်ခံပြီးနောက် တီမောလက်စတေးနိုင်ငံ၏ ပေါင်းစည်းရေး လုပ်ငန်းစဉ်များလည်း ပါဝင်ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အရှေ့အလယ်ပိုင်းဒေသတွင် အရှိန်အဟုန်မြင့်လာသည့် ပဋိပက္ခများနှင့် ယင်း၏ အကျိုးဆက်များ အရှေ့တောင်အာရှအပေါ် ရိုက်ခတ်မှုများအပါအဝင် ကမ္ဘာလုံးဆိုင်ရာ မရေရာမှုများ မြင့်တက်နေချိန်တွင် အာဆီယံသည် စည်းလုံးညီညွတ်သော၊ ကြံ့ကြံ့ခံနိုင်ရည်ရှိသော၊ ရှေ့သို့မျှော်ကြည့်သော အသိုက်အဝန်းအဖြစ် ရပ်တည်သွားမည်ဖြစ်ကြောင်း အဆိုပါအစည်းအဝေးတွင် ထပ်လောင်းအတည်ပြုခဲ့ကြသည်။
Ref : Xinhua
