၁. ၄. ၂၀၂၃
Written by Nay Aung

ရုရှားနိုင်ငံပိုင် စွမ်းအင်ကုမ္ပဏီဖြစ်သော Rosatom State Corporation ၏ လက်အောက်ခံဖြစ်သော NovaWind JSCကုမ္ပဏီသည် မြန်မာနိုင်ငံတွင် လေအားဖြင့်လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်ရန်အတွက် Wind Farm များ တည်ဆောက်မည့် စီမံကိန်းကို ပူးပေါင်းဆောင်ရွက်နိုင်ရန် မြန်မာနိုင်ငံအခြေစိုက် Primus Advanced Technologies Ltd ကုမ္ပဏီနှင့် သဘောတူညီစာချုပ်လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။

အဆိုပါသဘောတူညီစာချုပ်ကို NovaWind JSC ကုမ္ပဏီ၏ ညွှန်ကြားရေးမှူးချုပ် Grigory Nazarov နှင့် Primus Advanced Technologies ကုမ္ပဏီ၏ မန်နေဂျင်းဒါရိုက်တာဖြစ်သော ဦးကျော်လှဝင်းတို့ လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ကြောင်း ရုရှားမီဒီယာများကဖော်ပြသည်။ လျှပ်စစ်ဓာတ်အား ၁၇၂ မဂ္ဂါဝပ်ထုတ်လုပ်နိုင်စွမ်းရှိမည့် Wind Farms များတည်ဆောက်ရန် မူဘောင်များအတိုင်း ပူးပေါင်းဆောင်ရွက်ရန် သဘောတူစာချုပ်ချုပ်ဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

NovaWind JSC ကုမ္ပဏီ၏ ညွှန်ကြားရေးမှူးချုပ်က “ကျွန်တော်တို့ကုမ္ပဏီဟာ ရုရှားနိုင်ငံမှာ လေအားနဲ့ လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်ဖို့ အတွေ့ကြုံကောင်းတွေရရှိထားတယ်။ ဒါကြောင့် ကျွန်တော်တို့ဟာ ပြည်ပနိုင်ငံတွေမှာ လေအားလျှပ်စစ်ထုတ်လုပ်မယ့် Wind Farm တည်ဆောက်ရေးစီမံကိန်းမှာ ပါဝင်လုပ်ဆောင်ဖို့ အဆင့်သင့်ဖြစ်နေပါတယ်။ ဒီသဘောတူညီလက်မှတ်ရေးထိုးခြင်းဟာ မြန်မာနိုင်ငံမှာ လေအားနဲ့ စွမ်းအင်ထုတ်လုပ်နိုင်မယ့် စီမံကိန်းဖွံ့ဖြိုးတိုးတက်စေဖို့ ကြီးမားတဲ့အလားလာတွေအတွက် ပထမအဆင့်လည်းဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုတွေက အပြန်အလှန် အကျိုးစီးပွားရှိစေမယ့် မိတ်ဖက်ဖြစ်သလို နှစ်ရှည်လုပ်ဆောင်ဖို့ ရည်ရွယ်ထားတယ်။ စီမံကိန်းကို ပူးတွဲအကောင်ထည်ဖော်ခြင်းဟာ စွမ်းအင်ဟန်ချက်ညီအောင် မတူကွဲပြားတာတွေကို အထောက်အကူဖြစ်စေမှာပါ”ဟု ဆိုသည်။

ထို့အတူ Primus Advanced Technologies ကုမ္ပဏီ၏ မန်နေဂျင်းဒါရိုက်တာကလည်း “NovaWind နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ မူဘောင်လမ်းပြမြေပုံဟာ မြန်မာနိုင်ငံအတွင်း Wind Farms များတည်ဆောက်ရေးအကောင်ထည်ဖော်ဖို့ မူဘောင်အတွင်း ပိုမိုထိရောက်အောင် ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်” ဟု ပြောသည်။

Ref –neftegaz.ru/

Leave a Reply

Your email address will not be published. Required fields are marked *