၁. ၄. ၂၀၂၃

Written by Thettant

ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် (၂) နှစ်ပြည့်အတွက် NUG နှင့် NUCC ပူးတွဲကြေညာချက်ကို ယနေ့နံနက်တွင် ထုတ်ပြန်ထားသည်။

အဆိုပါ ထုတ်ပြန်ချက်တွင် တိုင်းရင်းသားပြည်သူလူထုတရပ်လုံး၏ ဆန္ဒနှင့် ထပ်တူဖြစ်သော အထက်ပါ လုပ်ငန်းများကို ဆောင်ရွက်ရန်အတွက် ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ် အစိတ်အပိုင်း (၁) ၏ အခန်း (၃) တွင် အကောင်အထည်ဖော်မည့် လုပ်ငန်းစဉ် (သို့မဟုတ်) နိုင်ငံရေးလမ်းပြမြေပုံ အဆင့် (၁၂) ဆင့်ကို အတိအလင်း ထည့်သွင်းပြဌာန်းထားပြီးဖြစ်သည်ဟု ဖော်ပြသည်။

ထို့ပြင် တော်လှန်ရေးအင်အားစုများအနေဖြင့် နိုင်ငံရေးလမ်းပြမြေပုံ အဆင့် (၈) တွင် ပါဝင်သည့် အသွင်ကူးပြောင်းရေးကာလ ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲခြင်း လုပ်ငန်းစဉ်အတွက် ချမှတ်ထားသော လမ်းညွှန်အခြေခံမူများထဲတွင် ပါဝင်သည့် “လွတ်လပ်မှု၊ တရားမျှတမှု၊ တန်းတူညီမျှမှုကို အာမခံပြီး ငြိမ်းချမ်းသည့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်မည်” ဟူသည့် ပြည်ထောင်စု မျှော်ရည်ချက်ကို ရောက်ရှိသည်အထိ မိမိတို့၏ လမ်းပြမြေပုံအတိုင်း ဦးလည်မသုန် ဆက်လက်လျှောက်လှမ်းသွားမည်ဖြစ်ကြောင်း အသိပေးကြေညာအပ်သည်။

ထို့ပြင် NUCC နှင့် NUG တို့က ပူးတွဲကျင်းပသော ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် (၂) နှစ်ပြည့်အခမ်းအနားသို့ အဖွဲ့အစည်းအသီးသီး က သဝဏ်လွှာများ ပေးပို့ကြသည့်အတွက် ကျေးဇူးတင်ကြောင်းနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေး ရှေ့ခရီးတွင် ပိုမို သွေးစည်းညီညွတ်သော ပူးပေါင်းဆောင်ရွက်မှုကို မျှော်လင့်ရည်မှန်းလျက် ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် နှစ်နှစ်ပြည့် အထိမ်းအမှတ် ဆွေးနွေးပွဲများတွင် ပါဝင်ဆွေးနွေးခဲ့ကြသော ဦးဆောင်ဆွေးနွေးခဲ့ကြသူများ၏ အကြံဉာဏ်များအပါအဝင် ပြည်သူလူထုတရပ်လုံးနှင့် တော်လှန်ရေး၏ အရေးကြီးသော Stakeholders များ၏ အကြံပြုချက်များကိုလည်းအလေးအနက်ထားထည့်သွင်းစဉ်းစားကာ ဆက်လက်လျှောက်လှမ်းသွားမည်ဖြစ်ပါကြောင်း ကတိပြုပြောကြားအပ်ပါသည်ဟုလည်း ဖော်ပြထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *