၁. ၄. ၂၀၂၃

Written by Nay Moe

မြန်မာနိုင်ငံ၏ ပညာရေးမှာ လူဦးရေ၏ ၆၀ ရာခိုင်နှုန်းခန့်သည် ပဉ္စမတန်းအောက်သာရှိသည့်အတွက် နိုင်ငံအတွက် အန္တရာယ်ရှိသည့် အနေအထားဖြစ်ကြောင်း SAC ဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မတ်လ ၃၁ ရက်တွင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့နှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများအား ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ တွေ့ဆုံအမှာစကားပြောကြားစဥ် ထည့်သွင်းပြောကြားသည်။

ထို့ပြင် ရခိုင်ပြည်နယ်အတွင်း အခြေခံပညာတတ်မြောက်မှုနှင့် တန်းစဉ်ကူးပြောင်းမှုများလည်း နည်းပါးသည်ကိုတွေ့ရှိရပြီး ပညာရေးမှာ ကွာဟချက်ကြီးမားနေကြောင်းနှင့် ပညာရေး အားနည်းပါက အသိအမြင်နှင့် အတွေးအခေါ်များသည်လည်း အားနည်းလာမည်ဖြစ်ပြီး တစ်ဦးတစ်ယောက်ချင်းနှင့် ဒေသ၏ ဖွံ့ဖြိုးတိုးတက်မှုကို အားနည်းစေမည် ဖြစ်ကြောင်းလည်း SAC ဥက္ကဋ္ဌက ပြောကြားသည်။

မိမိတို့နိုင်ငံ၏ ပညာရေးမှာ လူဦးရေ၏ ၆၀ ရာခိုင်နှုန်းခန့်သည် ပဉ္စမတန်းအောက်သာရှိသည့်အတွက် နိုင်ငံအတွက် အန္တရာယ်ရှိသည့် အနေအထားဖြစ်နေသောကြောင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် တစ်နိုင်ငံလုံး၏ ပညာရေး ကဏ္ဍမြှင့်တင်နိုင်ရေးအတွက် KG + 9 အထိ မသင်မနေရစနစ်ဖြင့် သင်ကြားပေးလျက်ရှိကြောင်းလည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။

ထိုသို့ အသိပညာနှင့် အတတ်ပညာများ အားနည်းချက်ရှိခြင်း ကြောင့် လုပ်ငန်းများဆောင်ရွက်ရာတွင်လည်း အားနည်းချက်များဖြစ်ပေါ်နိုင်ကြောင်း၊ ရခိုင်ပြည်နယ်သည် ကောင်းမွန်သည့် ရေခံမြေခံများကို ပိုင်ဆိုင်ထားရှိကြောင်း၊ အဆိုပါ အရင်းအမြစ်ကောင်းများကိုအခြေခံ၍ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို အောင်မြင်အောင် ဆောင်ရွက်နိုင်မည်ဆိုပါက ကုန်ထုတ်လုပ်မှုများ တိုးတက်လာပြီး ဒေသဖွံ့ဖြိုးတိုးတက်မှုကို များစွာအထောက်အကူပြုစေမည်ဖြစ်ကြောင်း၊ ထိုသို့ ဆောင်ရွက်နိုင်ရေးအတွက် လူသားအရင်းအမြစ်ကောင်းများ လိုအပ်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် လူသားအရင်းအမြစ်များဖွံ့ဖြိုးတိုးတက်ရေးအတွက် စိုက်ပျိုးမွေးမြူရေးနှင့် နည်း ပညာအထက်တန်းကျောင်းများကို ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း၊ အဆိုပါ သင်တန်းကျောင်းများမှ အောင်မြင်ပြီးသူများအနေဖြင့် စိုက်ပျိုးရေးသိပ္ပံ၊ မွေးမြူရေးသိပ္ပံနှင့် နည်းပညာသိပ္ပံများသို့ ဆက်လက် တက်ရောက်နိုင်ပြီး ၎င်းမှ တစ်ဆင့် သက်ဆိုင်ရာ တက္ကသိုလ်၊ ကောလိပ်များသို့ ဆက်လက် ပညာသင်ကြားနိုင်မည်ဖြစ်ကြောင်း၊ကျောင်းသား၊ ကျောင်းသူများ ပညာသင်ကြားပြီးဆုံးချိန်တွင် သက်ဆိုင်ရာ ပညာရပ်များကို လက်တွေ့နယ်ပယ်တွင် အသုံးချရန်လိုအပ်ကြောင်းလည်း SAC ဥက္ကဋ္ဌက ပြောကြားသည်။

မြန်မာနိုင်ငံ၏ လက်ရှိပညာသင်ကြားရေးနှင့်ပတ်သက်၍ ၂၀၂၀-၂၀၂၁ ခုနှစ်ပညာသင်နှစ်မှစတင်ကာ အခြေခံပညာကျောင်းများပြန်လည်ဖွင့်လှစ်ခဲ့သော်လည်း ကျောင်းအပ်နှံသူ ကျောင်းသားဦးရေမှာ ယခင် ကိုဗစ် – ၁၉ မဖြစ်ပွားမီအချိန်ကထက် လျော့နည်းနေသည်ကိုတွေ့ရှိရသဖြင့် ပညာရည်မြှင့်တင်မှုကို ထိခိုက်စေနိုင်သကဲ့သို့ တက္ကသိုလ် ဝင်တန်းစာမေးပွဲဖြေဆိုသူများလည်း လျော့နည်းလာသည်ကိုတွေ့ရှိရကြောင်းနှင့် အချို့သောနေရာဒေသများတွင် လုံခြုံမှုအရပညာသင်ကြားမှုကို ထိခိုက်သည်မှန်သော်လည်း အချို့သောဒေသများတွင် တည်ငြိမ်အေးချမ်းသော်လည်း ကျောင်းတက်ရောက် မှုရာခိုင်နှုန်းများ ကျဆင်းလျက်ရှိသည်ကိုတွေ့ရှိရကြောင်း ထို့အတွက် တစ်နိုင်ငံလုံးရှိ‌ ကျောင်းသား၊ ကျောင်းသူများ ပညာရည်မြင့်မားရေးအတွက် တာဝန်ရှိသူများအားလုံးက ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန်လိုကြောင်းလည်း SAC ဥက္ကဋ္ဌက ပြောကြားထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *