April 24, 2024

◾ ဖိအားများကြောင့် ထွက်ခွာနေသော်လည်း မြန်မာနိုင်ငံတွင် ဆက်လက်လုပ်ကိုင်ရန်နည်းလမ်းရှာနေသည့် ကုမ္ပဏီများလည်းရှိနေ

MT News

Translated by Htwe Ko Tun

ကမ္ဘာကျော်အဝတ်အထည် လက်လီရောင်းချသည့် ကုမ္ပဏီကြီးနှစ်ခုဖြစ်သော ဂျပန်နိုင်ငံမှ Fast Retailing ကုမ္ပဏီနှင့် ဗြိတိန်မှ Marks & Spencer ကုမ္ပဏီတို့က လူ့အခွင့်အရေးနှင့် အလုပ်သမားရေးရာကိစ္စရပ်များအပြင် လုပ်ငန်းလည်ပတ်ရန်အခက်အခဲများကြောင့် မြန်မာနိုင်ငံအတွင်း ပြင်ပမှ ကန်ထရိုက်ရယူ၍ အဝတ်အထည်များထုတ်လုပ်နေမှုအား ရပ်ဆိုင်းတော့မည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ၌ တပ်မတော်က အာဏာထိန်းသိမ်းခဲ့ပြီးနောက် နိုင်ငံခြားကုမ္ပဏီအချို့က ပြည်တွင်းမှပြန်လည်ထွက်ခွာမှုများပြုခဲ့ကြသည်။ မြန်မာ့တပ်မတော်ကိုလည်း အာဏာထိန်းသိမ်းမှုအပြီး ဆန္ဒပြမှုများအား နှိမ်နင်းခဲ့မှုကြောင့် လူ့အခွင့်အရေးနှင့်မညီကြောင်း ဝိုင်းဝန်းစွပ်စွဲခဲ့ကြသည်။ သို့သော်အဝတ်အထည်ကုမ္ပဏီကြီးများကမူ မြန်မာနိုင်ငံတွင်း စက်ရုံငယ်များကို ဆက်လက်ဖွင့်ထားကာ လစာနည်း အလုပ်အကိုင်များကိုဆက်လက်ထောက်ပံ့ပေးနေခဲ့ကြသည်။သို့သော် ယခုအခါတွင် ၎င်းတို့ကလည်း အနိမ့်ဆုံးလစာများကိုပြင်ဆင်တိုးမြှင့်ပေးရန်နှင့် ပြည်တွင်းဥပဒေစနစ်များအရ လျော်ကြေးပေးမှုများပြုလုပ်ရန်တောင်းဆိုမှုများအား ၎င်းတို့အနေဖြင့်မတတ်နိုင်၍ အချို့သောကုမ္ပဏီများက မြန်မာနိုင်ငံမှထွက်ခွာရန်ပြင်ဆင်လာကြခြင်းဟုသိရသည်။

Fast Retailing ကုမ္ပဏီက မြန်မာနိုင်ငံမှထွက်ခွာသော အဝတ်အထည်ကုမ္ပဏီများအနက် နောက်ဆုံးဟုလည်းဆိုရမည်ဖြစ်သည်။ Fast Retailing ကုမ္ပဏီက GU, Uniqlo နှင့်အခြားသော ၎င်း၏ကုမ္ပဏီခွဲ တံဆိပ်များအတွက် အဝတ် အထည်များထုတ်လုပ်လျက်ရှိခြင်းဖြစ်သည်။ Muji အိမ်သုံးပစ္စည်းစတိုးဆိုင်များကို လည်ပတ်နေသူ ရိုဟင် ကေကာကူ ကလည်း မြန်မာနိုင်ငံမှထုတ်လုပ်သော အပေါ်အင်္ကျီနှင့် အခြားပစ္စည်းများကို သြဂုတ်လနောက်ဆုံးထား၍ မှာယူထုတ်လုပ်နေမှု ရပ်ဆိုင်းသွားမည်ဟုပြောခဲ့သည်။

Marks & Spencer ကုမ္ပဏီကလည်း ၎င်းအနေဖြင့် မြန်မာနိုင်ငံမှ မတ်လနောက်ဆုံးထား၍ထွက်ခွာမည်ဟုပြောခဲ့သည်။ ၎င်းက ကုမ္ပဏီ၏ ပစ္စည်းထောက်ပံ့ရေးလမ်းကြောင်းတွင် မည်သည့်လူ့အခွင့်အရေးချိုးဖောက်မှုကိုမှ ဆက်လက်သည်းမခံနိုင်တော့ကြောင်း ပြောခဲ့သည်။ အလားတူပင် အိုင်ယာလန် အဝတ်အထည်လက်လီရောင်းချရေး ကုမ္ပဏီတစ်ခုဖြစ်သော Primark ကလည်း မြန်မာနိုင်ငံမှ ထွက်ခွာရန်ကြေညာထားသည်။

လုပ်ငန်းခွင်အခြေအနေများကို လက်ရှိအစိုးရလက်ထက်တွင် အပေးအယူလုပ်ဖြေရှင်းနိုင်ခြင်းမရှိဟု ကုမ္ပဏီများက ဆိုခဲ့ကြသည်။ နေ့စဉ် အနိမ့်ဆုံး နေ့တွက်လစာစရိတ်က စက်ရုံအလုပ်သမားများအတွက် ကျပ် ၄,၈၀၀(ဈေးကွက်ဈေးနှုန်းအရ အမေရိကန်ဒေါ်လာ ၁ ဒသမ ၆၈) တွင် ရှိနေခဲ့သည်။လျှပ်စစ်ဓာတ်အားပြတ်တောက်မှု တိုးမြင့်လာခြင်းနှင့် ထောက်ပံ့ပို့ဆောင်ရေးချွတ်ယွင်းမှုများကလည်း ထုတ်လုပ်ဖြန့်ချိရေးကိုထိခိုက်လာခဲ့ကြောင်း ကုမ္ပဏီများကပြောခဲ့သည်။

ဂျပန်နိုင်ငံမှ အဝတ်အစားကုမ္ပဏီတစ်ခုကလည်း မြန်မာနိုင်ငံမှ ကြီးမားသောအရေအတွက်ရှိ ပြည်သူများက အလုပ်သမားသစ်များအတွက် သင့်တော်ကောင်းမွန်ကြောင်း၊ သို့သော် လျှပ်စစ်ဓာတ်အားပြတ်တောက်မှုက အဓိကပြဿနာဖြစ်နေကြောင်းပြောခဲ့သည်။ ဖေဖော်ဝါရီလ အတွင်းက Primark က ၎င်းအတွက်ထုတ်လုပ်နေသော စက်ရုံနှစ်ရုံကိုပိတ်ခဲ့မှုကြောင့် အလုပ်သမား ၂,၂၀၀ ခန့်မှာ အလုပ်လက်မဲ့ဖြစ်ခဲ့ရသည်ဟုလည်း အလုပ်သမားသမဂ္ဂတစ်ခု၏ ပြောကြားချက်အရသိရသည်။

နိုင်ငံခြားကုမ္ပဏီအများစုအနေဖြင့်မူ မြန်မာနိုင်ငံတွင် ဆက်လက်လုပ်ကိုင်သွားရန်နှင့် အလုပ်အကိုင်အခြေအနေများတိုးတက်ကောင်းမွန်လာစေရန် နည်းလမ်းရှာဖွေလျက်ရှိကြသည်။ ဥရောပသမဂ္ဂနှင့် မြန်မာနိုင်ငံရှိ ဥရောပကုန်သည်ကြီးများအသင်း(EuroCham Myanmar) ကအလုပ်အကိုင်များအတွက် သင့်တော်သောအဆင့်များကို အဆင့်မြှင့်နိုင်ရန် ကွန်ရက်တစ်ခုကိုဖွဲ့စည်းခဲ့သည်။ ၎င်းက အလုပ်အကိုင်အခြေအနေများကိုကြီးကြပ်ရန် မူဘောင်တစ်ခုကို ဖန်တီးမည်ဖြစ်သည်။

EuroCham Myanmar ၏ အလုပ်အမှုဆောင်အရာရှိချုပ်ဖြစ်သော ကာရီနာ ယူဖတ်က “ဒီအချိန်မှာ အဝတ်အထည် ကုမ္ပဏီတွေက ဆက်လက်မလုပ်ဆောင်ဘဲ လက်တွဲဖြုတ်ခဲ့ကြမယ်ဆိုရင် အလုပ်သမားတွေရဲ့ အခွင့်အရေးတွေအတွက် အခြေအနေတွေ ပျက်စီးဆုံးရှုံးမှုကိုပဲ ဦးတည်စေမှာဖြစ်တယ်။ အလုပ်လက်မဲ့တွေပိုများဖို့ ဖန်တီးသလိုပဲဖြစ်လိမ့်မယ်” ဟုပြောခဲ့သည်။

ထိုသို့ ကမ္ဘာကျော်အဝတ်အထည်ကုမ္ပဏီများ မြန်မာနိုင်ငံတွင် ဆက်လက်လုပ်ကိုင်ရန် နည်းလမ်းရှာနေသကဲ့သို့ စပိန်မှ Inditex နှင့် ဆွီဒင်မှ H&M ကဲ့သို့ အဝတ်အထည်လက်လီရောင်းချရေးကုမ္ပဏီကြီးများကလည်း မြန်မာနိုင်ငံတွင် ဆက်လက်လုပ်ကိုင်သွားမည်ဟုဆိုကြသည်။

Ref—-Nikkei Asia

Leave a Reply

Your email address will not be published. Required fields are marked *

Related News