၃၁. ၃. ၂၀၂၃
Written by Ye Kyaw

ရုရှားနိုင်ငံက ပုပ္ပါး၊ မင်းလှ၊ မင်းတုန်းဒေသများတွင် ဆောင်ရွက်မည့် စုစုပေါင်းမဂ္ဂါဝပ် ၃၇၀ ကျော်ရှိ လေအားလျှပ်စစ် စီမံကိန်းသုံးခုအတွက် Project Proposal များကို လာရောက်တင်ပြခဲ့ပြီး MOU လက်မှတ်ရေးထိုးနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မတ်လ ၃၀ ရက်တွင် ပြုလုပ်သည့် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ Rusatom International Network, ROSATOM တို့အကြား ဆက်လက်ဆောင်ရွက်မည့် စီမံကိန်းဆိုင်ရာများ တွေ့ဆုံဆွေးနွေးပွဲမှ သိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလက ရန်ကုန်မြို့သို့ ရုရှားဖက်ဒရေးရှင်းနိုင်ငံ Rosatom မှ ကိုယ်စားလှယ်အဖွဲ့ လာရောက်ခဲ့သည့် ခရီးစဉ်အတွင်း ရေအားလျှပ်စစ်ကဏ္ဍ၌ အသေးစားစီမံကိန်းများတွင်သာမက အကြီးစားရေအားလျှပ်စစ် စီမံကိန်းများကိုလည်း ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ကြောင်းနှင့် လေအားလျှပ်စစ်ကဏ္ဍတွင် နိုင်ငံတစ်ဝန်း ဇုန်ခြောက်ခုတို့၌ စုစုပေါင်း တပ်ဆင်အင်အား မဂ္ဂါဝပ် ၈၀၀၀ ကျော်အထိ တင်ဒါခေါ်ယူသွားမည့် အစီအစဉ်များအပေါ် ရင်းနှီးမြှုပ်နှံမှုတွင် ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ကြောင်း ဆွေးနွေးမှုများ ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

အဆိုပါစီမံကိန်းများကို ဆက်လက်ဆောင်ရွက်နိုင်ရန် ပုပ္ပါးဒေသတွင် ၂၀၀ မဂ္ဂါဝပ်၊ မင်းလှဒေသတွင် ၁၁၆ မဂ္ဂါဝပ်နှင့် မင်းတုန်းဒေသတွင် ၅၆ မဂ္ဂါဝပ်တို့အတွက် Project Proposal များကို လာရောက်တင်ပြခဲ့ပြီး တင်ပြချက်များအားစိစစ်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံးသို့ Feasibility Study ဆောင်ရွက်ခွင့်နှင့် နားလည်မှုစာချွန်လွှာ (MOU) ရေးထိုးနိုင်ရန် ဆက်လက်တင်ပြသွားမည်ဖြစ်ကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ သိရသည်။

“အခုဆောင်ရွက်မယ့် လေအားလျှပ်စစ်စီမံကိန်းများကိုလည်း လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်းအပြင် ပြည်သူများ ဝင်ရောက်လေ့လာနိုင်ရန် လုပ်ငန်းကိုလည်း ပူးတွဲဆောင်ရွက်နိုင်ပါတယ်။ လျှပ်စစ်ကဏ္ဍမှာ ROSATOM မှ မိမိတို့ဝန်ကြီးဌာနနဲ့ဖြစ်စေ၊ မြန်မာနိုင်ငံမှ ပုဂ္ဂလိကရင်းနှီးမြှုပ်နှံသူများနဲ့ဖြစ်စေ ပူးပေါင်းဆောင်ရွက်ပြီး မြန်မာနိုင်ငံပြည်သူတွေအတွက် လိုအပ်နေတဲ့လျှပ်စစ်ဓာတ်အားကို လျင်မြန်စွာ ဖြည့်ဆည်းပေးနိုင်ရေးကို ဆက်လက်ပြီး ဆောင်ရွက်ပေးစေလိုတယ်” ဟု လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်က ပြောကြားသည်။

အပူစွမ်းအင်သုံးစီမံကိန်းများနှင့်ပတ်သက်၍ လာမည့်ဇွန်လတွင် ဆောင်ရွက်နိုင်မည့် အစီအစဉ်များကို ပြန်လည်၍ ဖြေကြားသွားမည်ဖြစ်ကြောင်း၊ ရေအားလျှပ်စစ်စီမံကိန်းများ ဖြစ်သော ၂၀ မဂ္ဂါဝပ် ထွက်ရှိနိုင်သည်များကိုလည်း ပြန်လည်သုံးသပ်၍ ဧပြီလအတွင်း ပြန်လည်တင်ပြသွားမည်ဖြစ်ကြောင်း၊ ဆက်လက်၍လည်း ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ် ကြောင်း၊ အသေးစားရေအားလျှပ်စစ်များ ထုတ်လုပ်နိုင်ရန် ၁ မဂ္ဂါဝပ်အောက် ထုတ်လုပ်နိုင်သော စက်ပစ္စည်းများလည်း အသင့်ရှိကြောင်း ရုရှားဖက်ဒရေးရှင်းနိုင်ငံ Rusatom Interna-tional Network, ROSATOM မှ President, မစ္စတာ ဗာဒင်တီတောက ပြောသည်။

Leave a Reply

Your email address will not be published. Required fields are marked *