မတ်လ ၅ ရက်တွင် ပြုလုပ်ခဲ့သည့် ရွှေတိဂုံစေတီတော် ၂၆၁၁ နှစ်မြောက် ဗုဒ္ဓပူဇနိယ တပေါင်းပွဲတော် ပိတ်ပွဲနှင့် ရေစက်ချ အခမ်းအနားကို တွေ့ရစဥ်။ ဓာတ်ပုံ- ရွှေတိဂုံစေတီတော်ဘဏ္ဍာထိန်းဂေါပကအဖွဲ့

၃၀. ၃. ၂၀၂၃

Written by Nyein Kyaw

လာမည့် မြန်မာနှစ်ဆန်းတစ်ရက်နေ့တွင် ရွှေတိဂုံစေတီတော်ကြီး၌ ဆွမ်းတော်ကြီးကပ်လှူခြင်း၊ သံဃာတော်များအား အရုဏ်ဆွမ်း ဆက်ကပ်လှူဒါန်းခြင်းနှင့် ပရိတ်တရားတော်နားကြားခြင်းများ ပြုလုပ်သွားမည်ဖြစ်၍ ရဟန်းရှင်လူပြည်သူများ ပါဝင်လှူဒါန်းနိုင်ကြောင်း ရွှေတိဂုံစေတီတော်ဘဏ္ဍာထိန်းဂေါပကအဖွဲ့က ကြေညာထားသည်။

ရွှေတိဂုံစေတီတော်၏ ၁၃၈၅ ခုနှစ် နှစ်သစ်မင်္ဂလာအခမ်းအနားကို ၂၀၂၃ ခုနှစ်၊ ဧပြီ ၁၇ ရက်(တနင်္လာနေ့)၊ မြန်မာနှစ်ဆန်းတစ်ရက်နေ့တွင် ဘဏ္ဍာထိန်းဂေါပကအဖွဲ့က ကြီးမှူး၍ ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။

မြန်မာနှစ်ဆန်းတစ်ရက် နံနက် ၅ နာရီတွင် ရွှေတိဂုံစေတီတော်မြတ်ကြီးအား သစ်သီးဆွမ်း၊ ပန်း၊ ရေချမ်း၊ ဆီမီး၊ အမွှေးနံ့သာများဖြင့် ဆွမ်းတော်ကြီးကပ်လှူခြင်းနှင့် နံနက် ၅ နာရီခွဲတွင် ဩဝါဒါစရိယ ဆရာတော်ကြီးများနှင့် စောင့်ရှောက်ရေး သံဃာတော်များအား အရုဏ်ဆွမ်းဆက်ကပ်လှူဒါန်းခြင်း စသည့် ကောင်းမှုကုသိုလ်များကို ဆောင်ရွက်သွားမည်ဖြစ်သည်။

ထို့ပြင် နံနက် ၆ နာရီခွဲတွင် ရင်ပြင်တော်တောင်ဘက်တွင် ‌ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များတန်ဆောင်း၌ နှစ်သစ်မင်္ဂလာအခမ်းအနားကျင်းပခြင်းနှင့် ဩဝါဒါစရိယဆရာတော်ကြီးများထံမှ အန္တရာယ်ကင်း ပရိတ်များနာကြားခြင်း၊ လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းခြင်း စသည့်ကောင်းမှုအစုစုတို့ ပြုလုပ်ဆောင်ရွက်သွားမည်ကြောင်း သိရသည်။

ထို့ကြောင့် ရွှေတိဂုံစေတီတော်မြတ်ကြီးတွင် မြန်မာနှစ်ဆန်းတစ်ရက်တွင် ပြုလုပ်မည့် ကောင်းမှုအစုစုတို့ကို ရဟန်းရှင်လူပြည်သူများမှ အနုမောဒနာပြုနိုင်ကြပါရန်နှင့် ပါဝင်လှူဒါန်းကုသိုလ်ပြုနိုင်ပါကြောင်း နှိုးဆော်အပ်ပါကြောင်း ကြေညာထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *