၂၈. ၃. ၂၀၂၃
Written by Naing Thuta

ယမန်နေ့ညဦးပိုင်းက မန္တလေးမြို့ရှိ “စိန်ကျော်မိုး” ရွှေသန့်စင်ရောင်းဝယ်ရေးဆိုင်ရှေ့တွင် ဆိုင်မှ ငွေကျပ်သိန်း ၁၂၀၀ အနုကြမ်းစီးသွားသည့်အမျိုးသားသုံးဦးကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ညတွင်းချင်းဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့နီးစပ်သူများထံမှ သိရသည်။

ဖြစ်စဉ်မှာ ယမန်နေ့ မတ်လ ၂၇ ရက် ညဦးပိုင်း ၆ နာရီ ၅၀ မိနစ်ခန့်က မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ ၈၅ (A)လမ်း၊ ၃၁ လမ်းနှင့် ၃၂ လမ်းကြားရှိ ရွှေသန့်စင်ရောင်းဝယ်ရေးဆိုင်ရှေ့တွင် ဆိုင်အတွင်းမှ ငွေထုပ်များကို ဆိုင်မှကားပေါ်သို့ ဝန်ထမ်းများက တင်ဆောင်နေစဉ်အတွင်း Mask အနက်ရောင်ကိုယ်စီ တပ်ထားသော အမျိုးသားလူငယ်သုံးဦးက Nissan March အိမ်စီးကား အနက်ရောင်ဖြင့် ရောက်ရှိလာပြီး သေနတ် ၂ ချက်ကို မိုးပေါ်ထောင်ဖောက်ကာ ကားပေါ်တင်နေသည့် ဆာလာအိတ်ဖြင့် ထုပ်ထားသောငွေထုပ် ၄ ထုပ်ကို အနုကြမ်းစီးကာ ယူဆောင်သွားကြကြောင်း သိရသည်။

“ဆာလာအိတ်နဲ့ထုပ်ထားတဲ့ ငွေထုပ်လေးထုပ်ကို သေနတ်နဲ့ချိန်ပြီး ဓားပြတိုက်လုယူသွားကြတာပါ။ သူတို့က ခြောက်လုံးပြူးသေနတ်တစ်လက်၊ ပစ္စတိုသေနတ်နှစ်လက်နဲ့ ဆိုင်ကဝန်ထမ်းတွေကို ချိန်ရွယ်ပြီးတော့ ငွေထုပ်တွေကိုယူသွားတာပါ။ ငွေထုပ်တစ်ထုပ်ကို သိန်း ၃၀၀ ပါပြီး ၄ ထုပ်ဆိုတော့ သိန်း ၁၂၀၀ လောက် လုယူသွားတာပါ။ အခုတော့သက်ဆိုင်ရာက ညတွင်းချင်းဖမ်းမိကြပါတယ်။ အသေးစိတ်တော့မပြောတော့ပါဘူး” ဟု ဆိုင်မှ တာဝန်ရှိသူတစ်ဦးက MT News သတင်းဌာန၏ မေးမြန်းစုံစမ်းမှုကို ယခုလိုဖြေကြားထားသည်။

လုယက်သူသုံးဦးယူဆောင်သွားကြသည့် ဆာလာအိတ်တစ်အိတ်လျှင် သိန်း ၃၀၀ ကျပ်၊ စုစုပေါင်းဆာလာအိတ် ၄ လုံးဖြစ်သည့်အတွက် ငွေကျပ်သိန်း ၁၂၀၀ ပါသွားကြောင်းနှင့် လူထိခိုက်မှုမရှိခဲ့ကြောင်း သိရသည်။

ထိုသို့ အနုကြမ်းစီးသွားသောသူများကို သက်ဆိုင်ရာအဖွဲ့များက ညတွင်းချင်း ဖမ်းဆီးရခဲ့ပြီး ၎င်းတို့အဖွဲ့အားစစ်ဆေးဖော်ထုတ်ချက်များအရ အခြားသောလုယက်မှုများကိုပါ ဖော်ထုတ်နိုင်ခဲ့ကာ ကွင်းဆက်ပြစ်မှုပါဝင်ကျူးလွန်သူများကိုလည်း ဖမ်းဆီးရမိနိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *