၂၈. ၃ .၂၀၂၃
Written by Hey Mar

ယနေ့ မတ်လ ၂၈ ရက် နေ့လည် ၁ နာရီ ၂၂ မိနစ်ခန့်က ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ်နှင့် ထောက်ကြံ့မြို့နယ်တစ်ဝိုက်တွင် အင်အားအနည်းငယ်ရှိသော ငလျင်တစ်ခု လှုပ်ခတ်သွားပြီး ဇောက်တိမ်မှုကြောင့် ငလျင်လှုပ်မှုဒဏ်ကို မြို့နယ်အများစု သိသိသာသာခံစားခဲ့ရကြောင်း သိရသည်။

ကမ္ဘာအေးမြေငလျင်စခန်းမှ ထုတ်ပြန်ချက်အရ မြောက်-အနောက်မြောက်ဘက် (၂၁)မိုင်ခန့်အကွာ၊ မြန်မာနိုင်ငံပြည်တွင်း (မှော်ဘီမြို့၏ အနောက်မြောက်ဘက် (၁၂)မိုင်ခန့်အကွာ)၊ မြောက်လတ္တီတွဒ် (၁၇.၂၁) ဒီဂရီ၊ အရှေ့ လောင်ဂျီတွဒ် (၉၅.၈၅) ဒီဂရီ၊ အနက် ၁၅ ကီလိုမီတာ(၉ ဒသမ ၃၂၁ မိုင်) ကို ဗဟိုပြု၍ အင်အားရစ်ချ်တာစကေး ၃ ဒသမ ၇ အဆင့်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိသည်ဟု သိရသည်။

“အသံ အုန်းခနဲ ကြားလိုက်တော့ တစ်ခုခု ပေါက်ကွဲသံလားထင်လိုက်တာ”ဟု မှော်ဘီမြို့နယ် ရဲဘော်စျေး အနီး နေထိုင်သူက MT News သို့ ပြောသည်။

ငလျင်မှာ အင်အားနည်းသော်လည်း လှုပ်ခတ်သည့်အနက်မှာ မြေအောက် ၉ မိုင်ကျော်မှဖြစ်သဖြင့် မှော်ဘီ၊ ထောက်ကြံ့၊ မင်္ဂလာဒုံ၊ ရွှေပြည်သာ၊ လှည်းကူး၊ မြောက်ဥက္ကလာ၊ တာမွေ၊ သာကေတ၊ မြောက်ဒဂုံ စသည့်မြို့နယ်အများစုမှ ငလျင်လှုပ်ခြင်းကို သိသိသာသာခံစားခဲ့ရကြောင်းလည်း အဆိုပါမြို့နယ်များတွင် နေထိုင်သူများထံမှ သိရှိရသည်။

“ဝုန်းဝုန်း ဝုန်းဝုန်းနဲ့ လှုပ်တာဆိုတော့ သွပ်ခေါင်မိုးပေါ် ကြောင်ပြေးတယ်ထင်တာ။ လူပါ ယိုင်ခနဲဖြစ်မှ ငလျင်လှုပ်မှန်းသိတာ”ဟု ငလျင်လှုပ်မှု သိရှိလိုက်သူတစ်ဦးက ပြောသည်။

Leave a Reply

Your email address will not be published. Required fields are marked *