၂၁‌.၃. ၂၀၂၃
Written By Thandar

သူတစ်ပါးအပေါ် ကဲ့ရဲ့ ဝေဖန်ရှုတ်ချပြောဆိုမှုတွေကြောင့် ဖြစ်ပေါ်လာတဲ့ ဆိုးကျိုး‌တွေကို လူသားချင်း စာနာထောက်ထားတတ်စေဖို့ ရည်ရွယ်တဲ့ အသိပညာပေးအစီအစဉ် (Social Awareness)ကို လုပ်ဆောင်ခဲ့တယ်လို့ အလှမောင်စံသာက ပြောပါတယ်။

“ဒီ Project ရဲ့ ရည်ရွယ်ချက်ကတော့ ကျွန်တော် ကိုယ်တိုင် အလူးအလိမ့်ခံစားခဲ့ရတဲ့ အဖြစ်အပျက်မျိုးကို နောက်လာမဲ့ လူငယ်တွေ၊ လူ့အဖွဲ့စည်းတွေဆီမှာ မခံစားရစေဖို့နဲ့ လူသားအချင်းချင်းလေးစား စာနာ နားလည်တတ်ဖို့ မီးမောင်းထိုးပြထားတဲ့ Social Awareness ဖြစ်ပါတယ်။ ငြိမ်းချမ်းခြင်းဆိုတာ လက်နက်တွေ အမုန်းတရားတွေနဲ့ဖန်တီးရတဲ့အရာတစ်ခုမဟုတ်ပါဘူး။ မေတ္တာတရား၊ လေးစားမှု၊ စာနာမှု၊ နားလည်မှုတွေနဲ့ တည်ဆောက်ရတဲ့ အရာပဲဖြစ်ပါတယ်။ Body Shaming, Cyber Bullying ပြုလုပ်ခံရသူတစ်ဦးရဲ့နောက်ဆက်တွဲ ဖြစ်လာတဲ့အရာတွေကို ဒီ Social Awareness ထဲမှာထည့်သွင်းဖော်ပြထားပါတယ်”လို့ အလှမောင် စံသာက ပြောပါတယ်။

လူတွေအပေါ် ကဲ့ရဲ့ကြတဲ့ ရုပ်ပိုင်းဆိုင်ရာ၊ လိင်ဖြစ်တည်မှု၊ အရှုံးသမားစတဲ့ လူတစ်ဦးအပေါ် ရှုထောင့်ပေါင်းစုံ‌ကနေ ထိုးနှက်ချက်တွေကလည်း နာလန်ထူဖို့ ခဲယဉ်းနိုင်ပါတယ်လို့ သူကဆိုပါတယ်။

” အကြံပေးတာထက်ဝိုင်းပြီး လက်ညှိုးထိုး အပုပ်ချ ပြောဆိုခြင်းကလည်း ခံရသူဘက်ကို ဆိုးကျိုးများစွာ သက်ရောက်စေပါတယ်။ ကဲ့ရဲ့ခြင်း၊ လှောင်ပြောင်ခြင်း ဝေဖန်ခြင်းတွေကို ရပ်တန့်လိုက်ပါ။ လူတိုင်းအတွက် အကျိုးမရှိတဲ့ အရာဖြစ်တာကြောင့် ရပ်တန့်လိုက်ပါ။ Shaming လုပ်ခြင်းခံရတဲ့ လူတစ်ယောက်အတွက် နောက်ဆက်တွဲဖြစ်လာတဲ့ အကျိုးဆက်တွေ အများကြီး ရှိတယ်ဆိုတာကို သင်တို့သိပါသလား။ လူအများစုအတွက် စိတ်ထွက်ပေါက်တစ်ခုအဖြစ် ဆဲဆိုခြင်း၊ ကဲ့ရဲ့ဝေဖန်မှုခံရခြင်း သားကောင်ဖြစ်သင့်တာလား။ သင်တို့ ရေးလိုက်တဲ့ စကားလုံးရဲ့ သက်ရောက်မှုက ဘယ်အထိ သက်ရောက်နိုင်လဲဆိုတာကိုကော ပြန်စဉ်းစားမိလား။ မိုက်ရိုင်းတဲ့ ပြောဆိုရေးသားချက်တွေကို ရပ်တန့်လိုက်ပါ ။ သင့်ရဲ့တချို့သော အတွေးဆိုးတွေကို ပြောင်းလဲလိုက်ပါ”လို့ သူကဆက်ပြောပါတယ်။

အလှမောင်စံသာဟာ Body Shaming နဲ့ပတ်သက်တဲ့စာသားတွေနဲ့အတူ သူ့ရဲ့ ဓာတ်ပုံတွေကို လူမှုကွန်ရက်စာမျက်နှာမှာတင်ပြီး Social Awareness အစီအစဉ်ကို ပြုလုပ်ခဲ့ခြင်းလည်းဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *