April 26, 2024

◾️ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) ၏ ဥက္ကဋ္ဌသစ်ဒေါ်စောမြရာဇာလင်းနှင့် တွေ့ဆုံမေးမြန်းခြင်း

၂၁. ၃. ၂၀၂၃
မေးမြန်း- ပီယ

ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)ဟာ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားပြီး လက်နက်ကိုင် ကျောထောက် နောက်ခံရှိတဲ့ ပါတီတစ်ခုပါ။ လက်ရှိ ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေမှာ ပါဝင်နေတဲ့ ပါတီတစ်ခုလည်း ဖြစ်ပြီး လက်ရှိအချိန် ပါတီတွင်း ပြဿနာတွေ ကြုံတွေ့နေရသလို ငြိမ်းချမ်းရေးစားပွဲဝိုင်းသွားလိုသူနဲ့ လက်နက်စွဲကိုင်တော်လှန်လိုသူတွေနဲ့ ပါတီနှစ်ခြမ်းကွဲတဲ့ အခြေအနေဖြစ်နေတဲ့အပေါ် ALP ပါတီရဲ့ လက်ရှိအခြေအနေ၊ ရပ်တည်ချက်နဲ့ နိုင်ငံရေး နယ်ပယ်အတွင်းမှာ ဆက်လက်ရပ်တည်သွားမဲ့ အခြေအနေ၊ အနာဂတ်မျှော်မှန်းချက်နဲ့ ပတ်သက်လို့ ALP ပါတီကို လက်ရှိပြန်လည်ဖွဲ့စည်းပြီးချိန် ဥက္ကဋ္ဌသစ်အဖြစ် တာဝန်ယူထားတဲ့ ဒေါ်စောမြရာဇာလင်းကို MT News က မေးမြန်းထားမှုတွေကနေ ကောက်နုတ်ဖော်ပြလိုက်ပါတယ်။

MT News ◾️ လက်ရှိ ပါတီတွင်းပြဿနာနဲ့ ပတ်သက်လို့ တချို့က နှစ်ဖွဲ့ကွဲသွားပြီလို့ ပြောကြပါတယ်။ လက်ရှိ ပါတီရဲ့ ပြဿနာက ဘယ်လို ရှိနေပါသလဲ။

ဒေါ်စောမြရာဇာလင်း ◾️ ကွဲသွားတယ်လို့ ပြောတယ်ဆိုရင်လည်း မှားတော့ မမှားဘူး။ အဲဒီလိုမျိုး ပြောရင်လည်းရတယ်။ ဒါမှမဟုတ် ကိုယ်သွားလိုရာလမ်းနဲ့ ကိုယ်သွားပါတယ်လို့ ပြောရင်လည်း ရတယ်။ အဓိက, ကတော့ ဥက္ကဋ္ဌကြီးဟာ ကျွန်မအပေါ်မှာ ဘယ်သောအခါမှ အမြင်မမှန်ခဲ့ဘူး။ ၂၀၂၁-၂၀၂၂ ကြားမှာ သစ်လွင်သောနိုင်ငံရေး ဦးဆောင်အဖွဲ့ကို ဖွဲ့စည်းခဲ့ကြတယ်။ ဥက္ကဋ္ဌကြီးဟာဆိုရင် လူပုဂ္ဂိုလ်တချို့အပေါ်မှာ အမြင်မမှန်ဘူး။ ပထမကတော့ ဒုတိယဥက္ကဋ္ဌဟောင်း ဖြစ်ခဲ့တဲ့ ခိုင်စိုးနိုင်အောင် အပေါ်မှာ အမြင်မမှန်ဘူး။ ပြီးလို့ရှိရင် ကျွန်မအပေါ်မှာ အမြင်မမှန်ဘူး။ ဒါပေမယ့် သစ်လွင်သော နိုင်ငံရေးဦးဆောင်အဖွဲ့ကို ဖွဲ့စည်းတဲ့ အခါမှာကျလို့ ရှိရင် ကျွန်မက ရခိုင်လူထုတွေနဲ့ အနီးကပ်နေရမှာမို့လို့ ဥက္ကဋ္ဌကြီးနဲ့ နီးစပ်တဲ့ တပ်မှူးတွေ အခြေစိုက်တဲ့ နေရာမှာ ရှိဖို့လိုတယ်ဆိုတဲ့ စဉ်းစားချက်နဲ့ ဥက္ကဋ္ဌကြီးနဲ့ ရပ်တည်တယ်။ သဘောထားမတိုက်ဆိုင်ဘူး ဆိုတာ သိပါလျှက်နဲ့ ရပ်တည်တယ်။ ဒီလိုပြဿနာ တစ်နေ့နေ့ ပေါ်လာမယ်ဆိုတာလည်း သိတယ်။ သိသိရက်နဲ့ ရပ်တာလည်း ဖြစ်တယ်။ ဘာကြောင့်လဲဆိုရင် ခုနက ပြောပြီးပြီး ရခိုင်ပြည်နဲ့ ရခိုင်လူထုအတွက် အလုပ်လုပ်မယ်ဆိုရင် ကျွန်မတို့က ရခိုင်ပြည်မှာ နေရမယ်။ ရခိုင်ပြည်နဲ့ အနီးစပ်ဆုံးနေရာမှာ အလုပ်လုပ်ရမယ်။ ပြည်သူအတွက် အလုပ်လုပ်ရမယ်ဆိုတဲ့ စဉ်းစားချက်နဲ့ ဥက္ကဋ္ဌကြီးခိုင်ရဲခိုင် ဦးဆောင်တဲ့ တပ်မှူးတွေ အများဆုံး ပါတဲ့ဘက်မှာ ကျွန်မ ရပ်လိုက်တာဖြစ်တယ်။ ဒုတိယ ဥက္ကဋ္ဌတာဝန်ယူလိုက်တယ်။ သူများပေးလို့ ယူတာပါ။ ကျွန်မအပေါ်မှာ ဥက္ကဋ္ဌကြီး အမြင်မသန့်ဘူး ဆိုတာ ကျွန်မ ကောင်းကောင်းသိတယ်။ အခုလည်းပဲ ဥက္ကဋ္ဌကြီးက တိုက်ခိုက်ရေးလမ်းစဉ်နဲ့ သွားမယ်။ လွတ်လပ်ရေး လမ်းစဉ်နဲ့သွားမယ်။ ကျွန်မတို့ပါတီရဲ့ အခြေအနေတွေကို မီဒီယာတွေမှာ မပြောချင်ဘူး။ အခက်အခဲတွေ သိတယ်။ ဘယ်လိုလမ်းကို သွားသင့်လဲသိတယ်။ ၂၀၁၅ မှာ NCA လက်မှတ်ထိုးပြီးတည်းက NCA လမ်းစဉ်အတိုင်း သွားရမှာဖြစ်တယ်။ ဥက္ကဋ္ဌကြီးပြောတာက (NCA) လက်မှတ် ငါထိုးတာမဟုတ်ဘူး။ ခိုင်စိုးနိုင်အောင်၊ ခိုင်ထွန်းဝင်း၊ ကျွန်မ စောမြရာဇာလင်း ဒီသုံးယောက် ထိုးတာဖြစ်တယ်။ ငါနဲ့ မဆိုင်ဘူး သူက ပြောတယ်။ ကျွန်မတို့ သွားချင်တဲ့လမ်း သွား ငါလည်း သွားချင်တဲ့လမ်းသွားမယ်လို့ ပြောတာ တစ်ခါမဟုတ် နှစ်ခါမဟုတ်ဘူး။ ဥက္ကဋ္ဌကြီးကလည်း အသက်အရွယ်ကြီးလာပြီ။ အနာဂတ်မှာလည်း ဒီလိုစကားမျိုးတွေကို ပြောနေရမယ်။ သူသွားချင်တဲ့လမ်း သွား။ ကျွန်မတို့ကလည်း ကိုယ်သွားနေတဲ့ လမ်းအတိုင်း သွားကိုသွားရမယ်။ ဒီခေါင်းစဉ်ကို မသုံးနဲ့ ဒီတံဆိပ်ကို မသုံးနဲ့လို့ ကျွန်မတို့ကို တားလို့ မရဘူး။ ဘာကြောင့်လဲဆိုလို့ရှိရင် ဒီခေါင်းစဉ်နဲ့ လက်မှတ်ထိုးထားတာဖြစ်တယ်။ ဘယ်သူနဲ့ ထိုးလည်းဆို အစိုးရ သုံးဆက်နဲ့ ထိုးထားတာ။ တစ်ခါထိုးတာ မဟုတ်ဘူး။ ထိုးတဲ့သူက စောမြရာဇာလင်းဖြစ်တယ်။ လက်မှတ်အများကြီး ထိုးထားပြီးပြီ။ အဲဒါကြောင့်မို့လို့ လူတစ်ဦးတစ်ယောက်နဲ့ အလုပ်လုပ်တယ်ဆိုတာ ကိုယ်ရဲ့ လုပ်ရပ်အပေါ်မှာ သစ္စာရှိဖို့ အရေးကြီးတယ်။ အဲဒါကြောင့် ဒီလမ်းစဉ်ကို လျှောက်ဖို့လိုအပ်တယ်ဆိုတဲ့ စဉ်းစားချက်နဲ့ ဆုံးဖြတ်လိုက်ရတာ ဖြစ်တယ်။ အဲဒါက တစ်ချက်။ နောက်ပြီးလို့ရှိရင် ကျွန်မကို နိုင်ငံရေးအရ လုပ်ကြံတာ ဒီတစ်ကြိမ်ဆို သုံးကြိမ်ရှိပြီ။ အဲဒီလို နိုင်ငံရေး သတ်ကွင်းအတွင်းမှာ ကျွန်မ ဆက်မနေနိုင်တော့ဘူး။ အဲဒါက ရှင်းတယ်။ အဲဒါကြောင့်မို့လို့ ရည်ရွယ်ချက်တူတယ်။ လုပ်ငန်းတူတယ် ကိုယ်တို့နဲ့ အဆင်ပြေမယ့်သူတွေနဲ့ စဉ်းစားတယ်။ ဗဟိုကော်မတီအများစုနဲ့ စဉ်းစားတယ်။ အဲဒါမျိုး စဉ်းစားလိုက်တဲ့အခါ ဒီလမ်းစဉ်ကို လျှောက်ဖို့ လိုအပ်တယ်ဆိုတာ အားလုံးသဘောထားရှိတယ်။ ဖွဲ့ကတည်းက ဘေးထိုင်နေကြတဲ့ သူတွေ အများကြီး။ နောက်တစ်ခုက (ALP ဒုတိယဗိုလ်မှူးကြီး) ခိုင်ပေါ်လင်းကို ဖမ်းသွားပြီးတဲ့နောက်မှာ တပ်အခြေစိုက်ရာဌာန၊ ပါတီအခြေစိုက်ရာ ဌာနကနေ ပြေးသွားကြတဲ့ လူတွေ ရှိတယ်။ ဒီလူတွေကို ထည့်မစဉ်းစားဘူး။ ထုတ်ပြန်ချက်မှာ အတိအလင်း ဖော်ပြပြီးသား ဖြစ်တယ်။ ပါတီနဲ့ တပ်မတော်ရှိတဲ့ နေရာမှာ ဒုက္ခခံနေတယ်။ ရဲဘော်တွေနဲ့ ငတ်တထပ် မွတ်တထပ် (ငတ်မွတ်-ငတ်တစ်လှည့် မွတ်တစ်လှည့်)စားပြီး နေတယ်။ ကိုယ်တို့ ရည်မှန်းရာကို အနုနည်းနဲ့ ရောက်ဖို့ ကြိုးပမ်းတယ်။ ဒီလူတွေနဲ့ သွားရမယ်လို့ ဆုံးဖြတ်တယ်။ အဲ့ဒါကြောင့် ကျွန်မက ဒီလိုဖွဲ့စည်းမှုကို သတ္တိရှိရှိနဲ့ လုပ်တယ်။ သတ္တိရှိရှိနဲ့ရှေ့ဆက်သွားမယ်။ ဒါပဲ။

MT News ◾️ တစ်ဖက်ခြမ်းကနေပြီး ALP အလံနဲ့ အမှတ်တံဆိပ်ကို ယူသုံးရင်ရော ဘယ်လို ဆက်လုပ်သွားမှာပါလဲ။

ဒေါ်စောမြရာဇာလင်း ◾️ သူတို့ သုံးချင်ရာသုံး သူတို့ လုပ်ချင်ရာ လုပ်။ သူတို့နဲ့ သူတို့ပဲ ဆိုင်တယ်။ ကျွန်မတို့က သူများကို အပြစ်မပြောဘူး။ လုပ်လည်း မလုပ်ဘူး။ ကိုယ်တို့ သွားရာလမ်းကို ကိုယ်တို့ပဲသွားမယ်။ အပြစ်မပြောနဲ့။ ဥက္ကဋ္ဌကြီး အရင်ကတည်းက အဲဒီလို ပြောထားပြီးသား။ သူတို့ကလည်း သူတို့လမ်းစဉ်နဲ့ သူတို့သွားမယ်။ ကိုယ်ကလည်း ကိုယ်သွားမယ်ဆိုရင် ကွဲတယ်လို့ ပြောလည်းရတယ်။ ပြဿနာ မရှိဘူး။ အရင်ကတည်းကလည်း ကွဲလာပြီ။ ဖြုတ်၊ ထုတ်၊ သတ် တွေလည်း ပါတီမှာ အများကြီး ရှိခဲ့တယ်။ ပညာတတ်တွေထဲမှာ။ သတင်းစာရှင်းလင်းပွဲက နောင်တစ်ချိန်မှာ လုပ်တော့ လုပ်ရမယ်။ ကျွန်မတို့က သွားကို သွားရတော့မယ်။ မရတော့ဘူး။ ဒီလို စိတ်ညစ်နေပြီးတော့မှ သေအောင်လည်း လုပ်ရတယ်။ ဒုက္ခလည်း ခံရတယ်။ စိတ်ကလည်း တအား ဆင်းရဲနေတယ်။ အပြစ်ပြောမှာလည်း ကြောက်နေရတယ်ဆိုတာမျိုးနဲ့ မရနိုင်တော့ဘူး။ ကျွန်မတို့က ပါတီမှာ ၄၂ နှစ် ပေးဆပ်ထားပြီးပြီ။ အဲဒါကိုမှ ဘယ်လို ခွင့်ပြုပါ ။ ဘယ်လို ခွင့်ပြုပါ။ သွားနေမယ့်အဆင့်မှာ ကိုယ်ကရှိနေသေးလား။ ကိုယ်က ဥက္ကဋ္ဌမလုပ်တတ်ဘူးလား။ ဥက္ကဋ္ဌ မလုပ်နိုင်ဘူးလား။ ခေါင်းဆောင်မလုပ်နိုင်ဘူးလားဆိုတဲ့ မေးခွန်းက အများကြီးရှိသွားပြီ။ သူများ ခိုင်းတာကိုချည်းပဲ လုပ်နေမှာလား။ ကိုယ့်မှာ လုပ်နိုင်တဲ့ အရည်အချင်းကရော မရှိသင့်ဘူးလား။ ကိုယ့်အရည်အချင်းကိုရော ကိုယ် မသိဘူးလား။ အဲဒီမေးခွန်းက ကိုယ့်အပေါ်မှာ ရှိလာတာမို့ ဗဟိုကော်မတီ ၊ နီးစပ်ရာ တိုင်ပင်သင့်တဲ့သူ ဟူသမျှနဲ့ တိုင်ပင်တယ်။ ပြီးလို့ ရှိရင် ဒီဖွဲ့စည်းမှုကို လုပ်တယ်။ ဒါပဲ ဖြစ်တယ်။

MT News ◾️ ALP ပါတီဟာ လက်နက်ကိုင် ကျောထောက်နောက်ခံ ရှိနေတဲ့ပါတီဖြစ်တဲ့အပြင် အစိုးရနဲ့လည်း NCA ထိုးထားတာပါ။ အဲဒီတော့ ပါတီ အခုလို ဖြစ်တာမှာ တပ်တွေက တစ်ဖက်ခြမ်း ပါသွားမှာ စိုးရိမ်မိပါသလား။

ဒေါ်စောမြရာဇာလင်း ◾️ မပါနိုင်ဘူး။ ကျွန်မ မစိုးရိမ်ဘူး။ ကျွန်မနဲ့ တပ်မှူးအများစုရှိတယ်။

MT News ◾️ တပ်ရဲ့ သဘောကရော ဘယ်လိုရှိနေပါသလဲ။ ဆရာမတို့ ပါတီအခြမ်းကို လုံးဝ သစ္စာစောင့်သိနေတယ်လို့ ယူဆလို့ ရပါသလား။

ဒေါ်စောမြရာဇာလင်း ◾️ကျွန်မတို့နဲ့ တပ်မှူးတို့နဲ့ သစ္စာရှိရှိတော့ တစ်ယောက်နဲ့ တစ်ယောက် ရှိနေကြတယ်။ ပါတီ အတွက် တကယ်ကို ရှိနေကြတဲ့ ပုဂ္ဂိုလ်အားလုံးဟာ ကျွန်မနဲ့ ရှိတယ်။

MT News ◾️ အနာဂတ်မှာ ဘယ်လို နိုင်ငံရေးလမ်းစဉ်နဲ့ သွားမှာလဲ ခင်ဗျ။

ဒေါ်စောမြရာဇာလင်း ◾️ အဲဒါကို ဖွင့်ပြောဖို့တော့ နည်းနည်း စောသေးတယ်။ ပြောလာရမယ့် အခြေအနေမှာ ပြောလာလိမ့်မယ်။ လွယ်လွယ်ကူကူ ပြောရမယ်ဆိုရင် ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ဖက်ဒရယ် ပြည်ထောင်စုတည်ဆောက်ရေး။ လွတ်လပ်ရေးဆိုတဲ့စကားက ကျန်ခဲ့ပြီးပြီ။ လွတ်လပ်ရေးက ကျွန်မတို့ ဒီအသက်မှာ မရနိုင်တော့ဘူး။ ကြိုးစားတဲ့သူက နှစ်ပေါင်း ၅၀ မှာ ရချင်ရမယ်။ သူတို့ကို အပြစ်မပြောဘူး။ ကြိုးစားချင်တဲ့သူက ကြိုးစား။ ကျွန်မ အခု ၆၀ ကျော်နေပြီ။ ကျွန်မလက်ထက်မှာ ကျွန်မ လွတ်လပ်ရေးရမယ်ဆိုတာ မယုံကြည်နိုင်ဘူး။ ကျွန်မ အသက်ရှိနေတဲ့ အချိန်မှာ တိုင်းပြည်အတွက် ဘာလုပ်ခဲ့နိုင်မလဲ။ လူထုအတွက် ဘာလုပ်ခဲ့နိုင်မလဲ။ ကိုယ်တတ်နိုင်တာ ဘာရှိလဲ။ ဒါကိုပဲ စဉ်းစားရမှာ။ ကျွန်မ လူ့ဘဝမှာနေဖို့ သက်တမ်းကိုလည်း တွက်ထားပြီးပြီ။ ဒီအချိန်မှာ အကျိုးပြုနိုင်တဲ့ အလုပ်ကိုပဲ ကျွန်မလုပ်မယ်။ ကျွန်မဘက်က ရှင်းတယ်။ ဒါကြောင့် ပါတီကို ကိုယ့်လမ်းနဲ့ကိုယ် သွားဖို့ လုပ်လိုက်တာ ဖြစ်တယ်။

MT News ◾️ ALP အနေနဲ့ လွှတ်တော်ထဲကနေ သွားဖို့ရော အစီအစဉ် ရှိပါသလား။

ဒေါ်စောမြရာဇာလင်း ◾️ နည်းနည်းလောက် စောသေးတယ်။ အဓိက,ကတော့ ပထမဆုံး NCA လက်မှတ်မထိုးခင်က စဉ်းစားခဲ့ကြတဲ့အခါ EAOs တွေအတွက် လွှတ်တော်မှာ ကော်နာ တစ်ခုလိုတယ်ဆိုတာ စဉ်းစားခဲ့ကြတာရှိတယ်။ အခုက ရွေးကောက်ပွဲကလည်း အရမ်းနီးလာပြီ။ ဆွေးနွေးတာလည်း မပြတ်သေးဘူး။ အဲဒီလို အနေအထားတွေက ရှိသေးတာပေါ့နော်။

MT News ◾️ ရခိုင် နိုင်ငံရေးနယ်ပယ်ထဲက တခြား နိုင်ငံရေးပါတီတွေနဲ့ရော ပူးပေါင်းဆောင်ရွက်သွားဖို့ ရှိပါသလား။

ဒေါ်စောမြရာဇာလင်း ◾️နိုင်ငံရေးပါတီတွေနဲ့တော့ စကားပြောနေတာရှိတယ်။ စကားပြောနေတယ်ဆိုတာကတော့ တိုင်းပြည်အတွက်ပဲ။ တိုင်းပြည် အေးချမ်းသာယာရေးအတွက်ပဲ။ တိုင်းပြည် ငြိမ်းငြိမ်းချမ်းချမ်း သွားနေဖို့ အဖြေရှာနိုင်ဖို့။ အခု တိုင်းပြည်အတွင်းမှာ ဖြစ်နေတဲ့ ပဋိပက္ခတွေကို ငြိမ်းငြိမ်းချမ်းချမ်း ဖြေရှင်းနိုင်ဖို့ ကိစ္စဆိုရင် နိုင်ငံရေးပါတီတွေနဲ့ စကားပြောတာ ရှိပါတယ်။ ဒါပေမယ့် EAOs တစ်ခုလုံးနဲ့ ဆိုင်တဲ့ ကိစ္စတွေဆိုရင် PPST (ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့) ကနေ တစ်ဆင့် ပြောနေတာ ရှိတယ်။ အဲဒီလိုမျိုးတွေ ရှိတယ်။

MT News ◾️ AA ကလည်း အပစ်ရပ်ထားတဲ့ အခြေအနေမှာ ALP အနေနဲ့ AA နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ရှိပါသလား။

ဒေါ်စောမြရာဇာလင်း ◾️ AA နဲ့ ပတ်သက်လာရင် ကျွန်မတစ်ယောက်တည်း သဘောကို ပြောရမယ်ဆိုရင်တော့ ဗိုလ်ချုပ်ထွန်းမြတ်နိုင်ပေါ့နော်။ ကျွန်မက သူနဲ့ တွေ့စဉ်မှာ သားလိုလည်း ချစ်ခဲ့တယ်။ ဗိုလ်ထွန်းမြတ်နိုင်လို့ ခေါ်ခဲ့တယ်။ အမြဲတမ်းလိုလို တက်ကြွတဲ့ လူငယ်တစ်ယောက်၊ စွမ်းရည်သတ္တိရှိတဲ့ လူငယ်တစ်ယောက် အဖြစ် အသိအမှတ်ပြုတယ်။ သူနဲ့ ALP နဲ့ ပေါင်းစပ်နိုင်ဖို့ အတွက်လည်း ကျွန်မကိုယ်တိုင် လိုင်ဇာကို သွားပြီးတော့မှ ပြောခဲ့တာတွေရှိတယ်။ ဒီနေ့ကတော့ အထစ်အငေါ့တွေ ရှိတာပေါ့။ ဒီအထစ်အငေါ့တွေကိုဆိုရင် နောင်တစ်ချိန်မှာတော့ စကားမပြောလို့ ဘယ်ရမလဲ။ နောင်တစ်ချိန်မှာ စကားပြောရမှာတွေ ရှိတယ်လို့ ကိုယ်က ခံယူထားတယ်။ နောင်တစ်ချိန်မှာ ရခိုင်ပြည်နဲ့ ရခိုင်လူမျိုးအတွက် အလုပ်လုပ်နေကြတဲ့ ပုဂ္ဂိုလ်တွေ ဖြစ်တယ်။ အဲဒါကြောင့်မို့လို့ စကားပြောရမယ် ခံယူထားတယ်။ ဒါပေမယ့် စကားပြောတယ် ဆွေးနွေးတယ်ဆိုတာ တစ်ဖက်တည်းက ပြောလို့ရတာမဟုတ်ဘူး။ နှစ်ဖက်က လုပ်ရတာ ဖြစ်တာမို့ ယတိပြတ် ပြောရတာခက်ပါတယ်။

MT News ◾️ ကျေးဇူးတင်ပါတယ် ခင်ဗျာ။

Leave a Reply

Your email address will not be published. Required fields are marked *

Related News