၂၁. ၃. ၂၀၂၃
Written by Ye Kyaw

လက်တလော ရွှေဈေးနှုန်းမြင့်တက်ခြင်းက ကမ္ဘာ့ရွှေဈေး မြင့်တက်မှုကြောင့်ဖြစ်ပြီး အွန်လိုင်းမီဒီယာများမှတစ်ဆင့် ကောလာဟလများ ထုတ်လွှင့်ပြီး ရွှေဈေးနှုန်းများထုတ်ပြန်နေခြင်းနှင့် လေပတ်ကားရောင်းဝယ်နေမှုများသည် တရားဝင်မှုမရှိကြောင်း ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်အသင်း (YGEA)က မတ်လ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။

လက်တလော ဖြစ်ပေါ်နေသော အခြေအနေများအပေါ်  အကြောင်းပြုပြီး ကမ္ဘာ့ရွှေဈေး မြင့်တက်လျက်ရှိကြောင်း တွေ့ရှိရသည်။ ကမ္ဘာ့ရွှေဈေးနှုန်းမြင့်တက်လာမှုကို သံယောင်လိုက်ပြီး မြန်မာနိုင်ငံတွင်လည်း ရွှေဈေးကစားလိုသူများက ရွှေဈေးနှုန်း မြင့်တက်လာစေရန် Online Media များမှတစ်ဆင့် ကောလာဟလ ထုတ်လွှင့်ခြင်း၊ လေပတ်ကား‌ရောင်းဝယ်ခြင်းများ ဆောင်ရွက်လျက်ကြောင်း တွေ့ရှိရသည်။ ဈေးကစားလိုသူများအနေဖြင့် ကမ္ဘာ့ရွှေဈေးနှုန်းနှင့် မြန်မာ့ရွှေဈေးနှုန်းအား ချိတ်ဆက်ထားသယောင် တွက်ချက်ဖော်ပြနေကြသည်ကိုလည်း တွေ့ရှိရသည်။ ထို့အတွက် ရွှေနှင့်ငွေကြေးဈေးကွက်စောင့်ကြည့်ထိန်းသိမ်းကြပ်မတ်ရေးလုပ်ငန်းကော်မတီ အစည်းအဝေးတွင်လည်း ကမ္ဘာ့ရွှေဈေးကွက်နှင့် မြန်မာ့ရွှေဈေးကွက် ချိတ်ဆက်မှုမရှိကြောင်း စနစ်တကျ ထောက်ပြရှင်းလင်းခဲ့ပြီးဖြစ်သည်။ လက်တွေ့တွင်လည်း ချိတ်ဆက်ထားခြင်းမရှိကြောင်း YGEA က ဖော်ပြထားသည်။

သို့ဖြစ်ပါ၍ ‌ရွှေဈေးမြှင့်တင်လိုသူများ၏ ဝါဒဖြန့်မှုကို ယုံကြည်လိုက်ပါ ရောင်းဝယ်ခြင်းမပြုလုပ်ရန်နှင့် Online Media များမှ ဈေးနှုန်းထုတ်ပြန်ဖော်ပြနေခြင်းများသည် တရားဝင်မှုမရှိကြောင်း၊ လေပတ်ကားရောင်းဝယ်ခြင်းများသည် ဥပဒေနှင့် ညီညွတ်မှုမရှိကြောင်း YGEA က အသိပေးမေတ္တာရပ်ခံထားသည်။

မတ်လ ၂၀ ရက်တွင် ကမ္ဘာ့ရွှေဈေး တစ်အောင်စလျှင် ၂,၀၀၂ ဒေါ်လာအထိ မြင့်တက်လာသဖြင့် ပြည်တွင်းဈေးနှုန်း ကျပ်သိန်း ၃၀ ခန့်အထိ မြင့်လာသဖြင့် ဈေးကွက်အတွင်း အရောင်းအဝယ် ယာယီရပ်ဆိုင်းမှုများရှိကြောင်း ပြည်တွင်း ရွှေအရောင်းအဝယ်ပြုလုပ်သူများထံမှ သိရသည်။

“ကမ္ဘာ့အခြေအနေကြောင့် တက်သွားတာလည်း မှန်တယ်။ ဒီမှာကလည်း လက်ရှိအခြေအနေ အခင်းအကျင်းကလည်း ဈေးနှုန်းကို ထိန်းကျောင်းရမယ့် ခေတ်ကာလဆိုတော့လည်း ထိန်းကျောင်းရမယ့် သဘောတော့ဆောင်နေတာပေါ့” ဟု ရွှေလုပ်ငန်းရှင်အသင်းမှ တာဝန်ရှိသူတစ်ဦးက MT News သို့ ပြောသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်း ကမ္ဘာ့ရွှေဈေးသည် ဒေါ်လာ ၁,၈၀၀ အောက်အထိ ကျဆင်းမှုရှိခဲ့ပြီး ဖေဖော်ဝါရီလအကုန်ပိုင်းတွင် အနည်းငယ်ပြန်လည်မြင့်တက်လာခဲ့ကာ မတ်လဆန်းပိုင်းမှစတင်၍ ကမ္ဘာ့ရွှေဈေး ပိုမိုမြင့်တက်ခဲ့ခြင်းဖြစ်သည်။ မတ်လဆန်းပိုင်းမှ ပိုမိုမြင့်တက်လာခဲ့သည့် ကမ္ဘာ့ရွှေဈေးသည် ရက်ပေါင်း ၂၀ အတွင်း ဒေါ်လာ ၁၆၀ ခန့်အထိ မြင့်တက်ခဲ့ခြင်းလည်းဖြစ်သည်။

အမေရိကန်ရှိ ဘဏ်တစ်ခု ဒေဝါလီခံလိုက်ချိန်မှစတင်ပြီး ကမ္ဘာ့ရွှေဈေး တဟုန်ထိုး မြင့်တက်ခဲ့သည်။ ကမ္ဘာ့ရွှေဈေး တက်ခြင်းရှိနေသော်လည်း မြန်မာနိုင်ငံ၏ ငွေဈေးမှာ ပြောင်းလဲခြင်းမရှိခဲ့ကြောင်း၊ ကမ္ဘာ့ရွှေဈေး မြင့်တက်ခြင်းကို အကြောင်းပြုပြီး ပြင်ပရွှေဝယ်ရောင်းများမှ ပြည်တွင်းရွှေဈေးကွက်အတွင်း လုယက်ဝယ်ယူခြင်းမျိုး မပြုလုပ်ကြရန် ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းမှ မေတ္တာရပ်ခံထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *