မည်သည့်နေရာမှ ဆွေးနွေးရမည်ဆိုသည့်အချက်မပါဝင်ဘဲ ဖိတ်ခေါ်ထားသည့် ဖိတ်ခေါ်ချက်

◾️ မည်သည့်နေရာမှ အကြံပြုရမည့်ဆိုသည့်အချက် မပါဝင်သဖြင့် မည်သိုဆွေးနွေးရမည် မေးခွန်းထုတ်

၂၁. ၃. ၂၀၂၃
Written by Tha Doe

ပြီးခဲ့သည့်နှစ်နှစ်က အတည်ပြုထားသော ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်ကို လွတ်လပ် ပွင့်လင်း စုံလင်မှုဖြင့် မျှဝေ၊ သုံးသပ်၊ ဆွေးနွေးပေးရန် NUG နှင့် NUCC က ယင်းတို့၏ Page များနှင့် ယာယီသမ္မတဒူဝါလရှီးလ Page အစရှိသည်တို့တွင် ပို့စ်တင်ကာ ယနေ့တွင် ဖိတ်ခေါ်ထားသော်လည်း မည်သည့်နေရာ၊ မည်သည့် Email၊ မည်သည့် Gmail၊ မည်သို့သောလမ်းကြောင်းမှ ဆွေးနွေးရမည်ဆိုသည့်အချက်မပါသဖြင့် မည်သို့ဆွေးနွေးရမည်နည်းဟု အကြံပြုလိုသူများက ယင်းတို့ Page များ၏ ပို့စ်အောက် မေးခွန်းထုတ်နေကြသည်။

“ဘယ်နေရာကမှ ဆွေးနွေးပါမယ်ဆိုတဲ့လမ်းကြောင်းတော့မပါဘူးဆိုပေမဲ့ Page တွေရဲ့ ပို့စ်တွေအောက် ဆွေးနွေးဆိုတဲ့သဘောဖြစ်မယ်။ ဒါပေမဲ့ ဒီလိုအရေးကြီးတဲ့ ဖက်ဒရယ်ပဋိညာဥ်ကို နှစ်နှစ်ကြာမှလည်း အကြံပြုခိုင်းသေးတယ်။ ပြီးစလွယ်ကလည်း လုပ်သေးတယ်ဆိုတော့ သူတို့ကိုယ်တိုင်ကိုက ဒီဖက်ဒရယ်ပဋိညာဥ်က လူအများစုရဲ့သဘောထားနဲ့ ဆွဲထားတာမဟုတ်လို တစ်ချိန် ပြန်ဖျက်ရမဲ့ ပဋိညာဥ်ဖြစ်နေတယ်ဆိုတာ လက်ခံထားတဲ့သဘောဖြစ်နေတယ်။ ဒီလိုမျိုး Fb ပေါ်မှာ ဖြစ်ကတတ်ဆန်းလုပ်တော့ ဘယ်သူက ပညာရှင်ဆန်ဆန်ဝေဖန်မလဲ။ ဝေဖန်တာနဲ့အဖမ်းခံရနိုင်တော့ အကောင့်တုနဲ့ ပေါက်ကရပြောမဲ့သူတွေပဲလာမှာပေါ့” ဟု နိုင်ငံရေးလေ့လာသူတစ်ဦးက မည်သည့်နေရာတွင် ဆွေးနွေးရမည့်အချက်မပါဝင်ဘဲ Page များစွာတွင် ပို့စ်တင်သည့်ဖြစ်စဥ်အပေါ်  ဝေဖန်သည်။

၂၀၂၃ ခုနှစ်၊ မတ်လ (၃၁) ရက်နေ့သည် ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်ကို ထုတ်ပြန်ကြေညာခဲ့သည့် (၂) နှစ်မြောက် နှစ်ပတ်လည်နေ့ဖြစ်သည်။ ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီများ၊ CDM ဦးဆောင်သူများ၊ အထွေထွေသပိတ်အင်အားစုများ၊ အမျိုးသမီးနှင့် လူငယ်အင်အားစုများ၊ အရပ်ဖက်အဖွဲ့အစည်းများ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများ စုပေါင်းဆွေးနွေးဆုံးဖြတ်လျက် သဘောတူအတည်ပြုထားသည့် ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်ကို ၂၀၂၁ ခုနှစ်၊ မတ်လ (၃၁) ရက်နေ့တွင် CRPH က ထုတ်ပြန်ကြေညာခဲ့သည်။

ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်ကို NUCC တွင် ပြန်လည်သုံးသပ်ပြင်ဆင်ခဲ့ပြီး ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၂၇ ရက်နေ့မှ ၂၉ ရက်နေ့အထိ ကျင်းပသော ပထမအကြိမ်၊ ပြည်သူ့ညီလာခံတွင် အတည်ပြုနိုင်ခဲ့သည်။ ပြည်သူ့ညီလာခံမှ အတည်ပြုထားသည့် ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်ကို ၂၀၂၂ ခုနှစ်၊ မတ်လ (၂၇) ရက်နေ့တွင် အများပြည်သူထံ ထုတ်ပြန်နိုင်ခဲ့သည်။

ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်ကို အစိတ်အပိုင်း (၁) “ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ကြေညာစာတမ်း” နှင့် အစိတ်အပိုင်း (၂) “ကြားကာလဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာအစီအမံ” ဟူသည့် အစိတ်အပိုင်းနှစ်ရပ်ဖြင့် ဖွဲ့စည်းထားသည်။

ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်သည် တော်လှန်ရေးအင်အားစုများအကြား ဆွေးနွေးညှိနှိုင်းရရှိခဲ့သော နိုင်ငံရေးသဘောတူညီချက်တစ်ရပ်ဖြစ်သကဲ့သို့၊ ဖွဲ့စည်းပုံအခြေခံဥပဒဆိုင်ရာ စာရွက်စာတမ်းတစ်ခုလည်းဖြစ်သည်။ ထို့အတူ ပြည်ထောင်စု၏ စစ်အာဏာရှင်စနစ်အပါအဝင် အာဏာရှင်စနစ်မှန်သမျှကို ဆန့်ကျင်သော အင်အားစုများအကြား ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် အခြေခံအုတ်မြစ်တစ်ခုလည်းဖြစ်သည်။

၂ နှစ်တာကာလအတွင်း ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်နှင့် ပတ်သက်၍ အချက်အလက် မျှဝေမှုများ၊ ပို့ချမှုများ၊ ဝေဖန်သုံးသပ်ဆွေးနွေးမှုများ၊ လေ့လာဆန်းစစ်မှုများ ပြုလုပ်ခဲ့သည့် လူပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများ၊ အစုအဖွဲ့များ၏ ကြိုးပမ်းဆောင်ရွက်မှုများကို အသိအမှတ်ပြု မှတ်တမ်းတင်ကြောင်းနှင့် ပဋိညာဉ်နှစ်ပတ်လည်ကာလအတွင်း အချက်အလက် မျှဝေမှုများ၊ ပို့ချမှုများ၊ ဝေဖန်သုံးသပ်ဆွေးနွေးမှုများ၊ လေ့လာဆန်းစစ်မှုများကို လွတ်လပ်၊ ပွင့်လင်း၊ စုံလင်စွာ ဆက်လက်ဆောင်ရွက်ပေးကြပါရန် NUCC နှင့် NUG တို့က ကြိုဆိုဖိတ်ခေါ်ကြောင်း ဖော်ပြထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *