သတိုး
၁၁. ၉. ၂၀၂၆
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် ကမ္ဘောဒီးယားနိုင်ငံ ဘုရင်မင်းမြတ် ပရယ်ဘတ် ဆမ်ဒက် ပရယ် ဘိုရိုနစ် နိုရိုဒွန် သီဟာမိုနီ၏ ဖိတ်ကြားချက်အရ ကမ္ဘောဒီးယားနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် (State Visit) သွားရောက်ရန်အတွက် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်လေဆိပ်မှ အထူးလေယာဉ်ဖြင့် ထွက်ခွာကြသည်။
ထို့နောက် နိုင်ငံတော်သမ္မတ ဦးဆောင်သော မြန်မာအဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ လိုက်ပါလာသည့် အထူးလေယာဉ်သည် ဒေသစံတော်ချိန် နံနက် ၁၀ နာရီ ၄၀ မိနစ်ခန့်တွင် ကမ္ဘောဒီးယားနိုင်ငံ၊ ဖနောင်ပင်မြို့၊ Techo အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိကြရာ ကမ္ဘောဒီးယားနိုင်ငံ ရေအရင်းအမြစ်နှင့် မိုးလေဝသဝန်ကြီးဌာနဝန်ကြီး H.E. Mr. THOR Chetha ဦးဆောင်သည့် ကမ္ဘောဒီးယားအစိုးရအဖွဲ့မှ အဆင့်မြင့်အရာရှိကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာကမ္ဘောဒီးယားနိုင်ငံသံအမတ်ကြီး H.E. Mr. CHENG Manith ၊ ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာမြန်မာနိုင်ငံသံအမတ်ကြီး ဦးကျော်စိုးမင်း၊ မြန်မာ စစ်သံ(ကြည်း၊ ရေ၊လေ) ဗိုလ်မှူးချုပ် ဇော်ဝင်းနှင့် သံရုံး၊ စစ်သံရုံး မိသားစုဝင်များက လေဆိပ်၌ လှိုက်လှဲနွေးထွေးစွာဖြင့် ကြိုဆိုနှုတ်ဆက်ကြသည်။
ထိုသို့ကြိုဆိုစဉ် ကမ္ဘောဒီးယားနိုင်ငံ ဂုဏ်ပြုတပ်ဖွဲ့မှ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ်လာရောက်သည့် နိုင်ငံ့ခေါင်းဆောင်များအား ကြိုဆိုသည့် ဓလေ့ထုံးစံ အစဉ်အလာနှင့်အညီ ကော်ဇောနီ၏ တစ်ဖက်တစ်ချက်စီတွင် နေရာယူအလေးပြု၍ လည်းကောင်း၊ ကမ္ဘောဒီးယားကလေးငယ်နှစ်ဦးတို့က ဂုဏ်ပြုပန်းစည်းကမ်း၍ လည်းကောင်းကြိုဆိုနှုတ်ဆက်ခဲ့ကြကြောင်း သတင်းရရှိသည်။
ခရီးစဉ်အတွင်း နိုင်ငံတော်သမ္မတသည် ကမ္ဘောဒီးယားနိုင်ငံ၏ အထက်လွှတ်တော်ဥက္ကဋ္ဌ (ယာယီနိုင်ငံတော်အကြီးအကဲ) နှင့်တွေ့ဆုံ၍ နှစ်နိုင်ငံဆွေးနွေးပွဲ ကျင်းပပြုလုပ်ခြင်းနှင့် ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ်၊ ကမ္ဘောဒီးယားနိုင်ငံ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌတို့နှင့် တွေ့ဆုံခြင်းတို့ကို ပြုလုပ်သွားမည်ဖြစ်ပြီး မြန်မာ-ကမ္ဘော ဒီးယား နှစ်နိုင်ငံအကြား ရှိရင်းစွဲချစ်ကြည်ရင်းနှီးသည့် ဆက်ဆံရေးကို ပိုမိုခိုင်မာလာစေရေးကိစ္စရပ်များ၊ နှစ်နိုင်ငံအစိုးရများအကြား၊ လွှတ်တော်များအကြားနှင့် ပြည်သူများအကြား ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရန်ကိစ္စများ၊ စီးပွားရေး၊ ယဉ်ကျေးမှုနှင့် ကဏ္ဍပေါင်းစုံတွင် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်း ဖလှယ်ဆွေးနွေးသွားမည်ဖြစ်ကြောင်းနှင့် ကမ္ဘောဒီးယားနိုင်ငံရှိ အထင်ကရနေရာများနှင့် ရှေးဟောင်းဘုရားများကို လေ့လာဖူးမြော်သွားမည်ဖြစ်သည်။
ယနေ့နံနက်တွင် ကမ္ဘောဒီးယားနိုင်ငံသို့ ထွက်ခွာလာသော နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့အား ဒုတိယသမ္မတ ဦးညိုစောနှင့် ဒေါ်နန်းနီနီအေး၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်လင်းဒွေး၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် မြန်မာနိုင်ငံဆိုင်ရာ ကမ္ဘောဒီးယားနိုင်ငံသံရုံးနှင့် စစ်သံရုံးတို့မှတာဝန်ရှိသူများက လေဆိပ်တွင် ပို့ဆောင်နှုတ်ဆက်ခဲ့ကြသည်။
ယခုခရီးစဥ်တွင် နိုင်ငံတော်သမ္မတနှင့်အတူ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးတင်မောင်ဆွေ၊ ဒေါက်တာ ကံဇော်၊ ဦးမောင်မြင့်၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်၊ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများ ခရီးစဉ်တွင်လိုက်ပါလာခဲ့ကြောင်း သိရသည်။
