၁၁.၉.၂၀၂၆
translated by Htwe Ko Tun
တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း Qingdao ဆိပ်ကမ်းမြို့ရှိ သင်္ဘောကျင်းတစ်ခုတွင် ပြုပြင်မွမ်းမံမှုများ ပြုလုပ်နေသည့် ကုန်တင်သင်္ဘောတစ်စင်း စက်တင်ဘာလ ၁၀ ရက်က မီးလောင်ကျွမ်းမှုကြောင့် အနည်းဆုံး လူ ၂၅ ဦး သေဆုံးပြီး ငါးဦး ပျောက်ဆုံးနေကြောင်း နိုင်ငံပိုင်မီဒီယာများက ဖော်ပြခဲ့သည်။
မီးလောင်ချိန်က သင်္ဘောပေါ်တွင် လူ ၄၂ ဦး ရှိပြီး ဒေသစံတော်ချိန် နံနက် ၁၁ နာရီ ၁၅ မိနစ်ခန့်တွင် မီးလောင်ကျွမ်းခဲ့ပြီး မွန်းလွဲ ၂ နာရီခွဲ (UTC စံတော်ချိန် ၀၆:၃၀) ခန့်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း နိုင်ငံပိုင် ရုပ်သံလွှင့်ဌာန CCTV က သတင်းထုတ်ပြန်ခဲ့သည်။
အဆိုပါသင်္ဘောမှာ လိုက်ဘေးရီးယားနိုင်ငံ အလံတင်ထားသည့် အရှည် ၁၉၀ မီတာ (ပေ ၆၂၀) ရှိ “Ocean Melody” အမည်ရှိ ကုန်ကြမ်းသယ်ယူပို့ဆောင်ရေး သင်္ဘော ဖြစ်ကြောင်း နိုင်ငံပိုင်သတင်းဌာန Xinhua က ဖော်ပြခဲ့သည်။
ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် အရေးကြီးသော ညွှန်ကြားချက်များ ထုတ်ပြန်ခဲ့သလို ဤဖြစ်ရပ်အတွက် တာဝန်ရှိနိုင်သူများကို စုံစမ်းစစ်ဆေးရန်လည်း တရုတ်သမ္မတ ရှီကျင့်ဖျင်က တိုက်တွန်းပြောကြားခဲ့ကြောင်း Xinhua က ထပ်လောင်းဖော်ပြခဲ့သည်။
ဒေသအသီးသီးနှင့် သက်ဆိုင်ရာဌာနများအနေဖြင့် ဤဖြစ်ရပ်မှ လေးနက်သော သင်ခန်းစာများ ရယူကြရမည်ဖြစ်ပြီး မီးဘေးအန္တရာယ် ဖြစ်စေနိုင်သည့် အကြောင်းရင်းအားလုံးကို စေ့စပ်သေချာစွာ စုံစမ်းစစ်ဆေးကာ ပြုပြင်ဖြေရှင်းဆောင်ရွက်ရမည်ဟု ရှီကျင့်ဖျင်က ပြောကြားခဲ့သည်။
မီးလောင်ကျွမ်းရသည့် အကြောင်းရင်းကိုမူ လက်ရှိအချိန်အထိ မသိရှိရသေးပါ။
အဆိုပါသင်္ဘောသည် ကမ္ဘာ့အကြီးဆုံး သင်္ဘောတည်ဆောက်ရေး ကုမ္ပဏီများထဲမှ တစ်ခုဖြစ်သည့် China State Shipbuilding Corporation (CSSC) ၏ လက်အောက်ခံ Qingdao Beihai Shipbuilding ကုမ္ပဏီတွင် ပြုပြင်မွမ်းမံမှုများ ပြုလုပ်နေခြင်း ဖြစ်သည်။
Ref; Xinhua
