၁၁.၉.၂၀၂၆
Written by NYL
ပြည်သူ့ပါတီ ပထမအကြိမ်ညီလာခံနှင့် စတုတ္ထအကြိမ်ဗဟိုကော်မတီအစည်းအဝေးကို စက်တင်ဘာ ၁၂ ရက်၊ နံနက် ၉ နာရီတွင် တာမွေမြို့နယ်ရှိ Sky Star ဟိုတယ်၌ ကျင်းပမည်ဖြစ်ကြောင်း ပြည်သူ့ပါတီမှ သိရသည်။
အဆိုပါ ပြည်သူ့ပါတီညီလာခံသို့ ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သည့် ဦးကိုကိုကြီးလာရောက်နိုင်မည်မဟုတ်ကြောင်းနှင့် ဗဟိုကော်မတီဝင်နှင့် ဗဟိုအလုပ်အမှုဆောင်များ ပြန်လည်ရွေးချယ်ဖွဲ့စည်း သွားမည်ဖြစ်ကြောင်း ပြည်သူ့ပါတီ၏ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးလှဌေးထံမှ သိရသည်။
ပြည်သူ့ပါတီမှ သုံးခွမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်အမှတ်(၂) ဦးလှဌေးက ” ကျွန်တော်တို့ နှစ်ပိုင်းလုပ်သွားမှာပါ။ ဗဟိုညီလာခံရယ်၊ ဗဟိုကော်မတီအစည်းအဝေးရယ်ဆိုပြီး ပထမပိုင်း၊ ဒုတိယပိုင်းဆိုပြီးလုပ်သွားမယ်။ ညနေ ၅ နာရီအထိပါ။ လာလို့မရတာကတော့ ဥက္ကဋ္ဌကြီး ဦးကိုကိုကြီးက လာလို့မရဘူး။ လာလို့မရတော့ အသစ်ပြန်လည်ဖွဲ့စည်းထားတဲ့ CEC တွေ၊ CC တွေအကုန်လုံး ပါဝင်မှာပါ။ ပြည်နယ်နဲ့တိုင်းက ဥက္ကဋ္ဌတွေပါမယ်။ ပြည်နယ်နဲ့တိုင်းက ဗဟိုကော်မတီဝင်တွေလည်း ပါမယ်။ အဓိကကတော့ ဗဟိုကော်မတီအသစ်တွေ ပြန်လည်ရွေးချယ်ဖွဲ့စည်းပါမှာပါ။ ဗဟိုကော်မတီကနေမှ ဗဟိုအလုပ်အမှုဆောင်တွေ ပြန်လည်ရွေးချယ်ဖွဲ့စည်းမယ်” ဟု ပြောကြားခဲ့သည်။
ထို့ပြင် လက်ရှိတွင် ပြည်ထောင်စုအတိုင်ပင်ခံကောင်စီဝင်အဖြစ် ရှိနေသည့် ဦးကိုကိုကြီးသည် ပြည်သူ့ပါတီ၏ ဦးဆောင်နာယကအဖြစ်ရှိနေပြီး ဥက္ကဋ္ဌအဖြစ် ဦးဖေသက်က တာဝန်ယူထားကြောင်း ဦးလှဌေးက ပြောကြားခဲ့သည်။
“ကျွန်တော်တို့မှာ လောလောဆယ်ကတော့ ဦးကိုကိုကြီးက ဦးဆောင်နာယကဖြစ်သွားပြီးတော့ ဦးဖေသက်က ဥက္ကဋ္ဌဖြစ်လာပါတယ်။ လောလောဆယ်မှာ ကျွန်တော်တို့ ဒုဥက္ကဋ္ဌမထားဘူးဗျ။ ကိုမာကီးလည်း အလုပ်အမှုဆောင်ကနေ ထွက်စာတင်ထားတယ်။ ရိုးရိုးပါတီဝင်တစ်ယောက်အနေနဲ့ ရှိတယ်။ အထွေထွေအတွင်းရေးမှူးရှိမယ်။ လက်ထောက်အထွေထွေအတွင်းရေးမှူးရှိမယ်။ အဓိကကတော့ UEC က သတ်မှတ်တဲ့ Format အတိုင်းပြန်ပြန်ဖွဲ့ရတာပေါ့” ဟု ပြည်သူ့ပါတီမှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးလှဌေးက ပြောကြားခဲ့သည်။
ပြည်သူ့ပါတီ၏ ပထမအကြိမ်ညီလာခံတွင် စာတမ်းဖတ်ကြားမှုများပြုလုပ်မည်ဖြစ်ပြီး ၎င်းစာတမ်းများမှ ကောက်နှုတ်ချက်များယူကာ ကြေညာချက်တစ်စောင်ထုတ်ပြန် မည်ဖြစ်ကြောင်းလည်း သိရသည်။
“ပြည်နယ်နဲ့တိုင်းက မြို့နယ်အလိုက်က ညီလာခံမှာ စာတမ်းတင်ဖို့ဆိုတာပေးထားတယ်။ သူတို့တင်တဲ့ စာတမ်းတွေကို ဖတ်ကြားမယ်။ အဲဒီကနေမှ ကောက်နှုတ်ချက်တွေယူပြီးတော့ အခမ်းအနားပြီးဆုံးတဲ့အခါမှာ ကျွန်တော်တို့ ဗဟိုညီလာခံကနေ ကြေညာချက်တစ်စောင်ထုတ်ပါမယ်” ဟု ဦးလှဌေးက ပြောကြားခဲ့သည်။
ဆက်လက်၍ ဦးလှဌေးက Reform ပြန်လုပ်ခြင်းဖြစ်ပြီး အကုန်အသစ် Change ခြင်းမဟုတ်ကြောင်း၊ လူဟောင်းများပါဝင်မည်သလို အသစ်များလည်းပါဝင်လာမည်ဖြစ်ကာ ပါတီမူဝါဒများ ပြန်ပြင်တာခြင်းများလည်း ပါဝင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ပြည်သူ့ပါတီ(PP) ကို ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာ ၁၉ ရက်တွင် စတင်ဖွဲ့စည်းတည်ထောင်ခဲ့ပြီး ဦးကိုကိုကြီးက ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့ကြောင်း သိရသည်။
