၁၁.၉.၂၀၂၆
Written by Linn Eain
ရန်ကုန်မြို့မှ သထုံမြို့ဘက်သို့ မောင်းနှင်လာသည့် ပရိုဘောက်ကားပေါ်တွင် သိုဝှက်သယ်ဆောင်လာသည့် ငွေကျပ် ၃,၆၇၅ သိန်းတန်ဖိုးရှိ ဘိန်းဖြူဘလောက်တုံးများ ဖမ်းဆီးရမိကြောင်း CCDAC MYANMAR က စက်တင်ဘာ ၁၁ ရက်တွင် ထုတ်ပြန်သည်။
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် စက်တင်ဘာ ၈ ရက်၊ နေ့လယ် ၂ နာရီ ၄၅ မိနစ်တွင် ဝေါမြို့နယ်၊ ညောင်ခါးရှည်ကျေးရွာအနီးတွင် မော်တော်ယာဉ်များအား စစ်ဆေးရှာဖွေစဉ် ရန်ကုန်မြို့ဘက်မှ သထုံမြို့ဘက်သို့ သိန်းစိုး(ခ)ရာဂျား မောင်းနှင်ပြီး ကျော်ကျော်ထွေး(ခ) ရာဝီး လိုက်ပါလာသည့် TOYOTA PROBOX အမျိုးအစား မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေခဲ့ကြောင်း သိရသည်။
ထိုသို့ စစ်ဆေးရှာဖွေမှုကြောင့် ယာဉ်ပေါ်တွင် သိုဝှက်သယ်ဆောင်လာသော ဘိန်းဖြူဘလောက်တုံး ၃၀ တုံး၊ အလေးချိန် ၁၀.၅ ကီလို(ဒေသကာလတန်ဖိုးငွေကျပ် ၃,၆၇၅ သိန်း)နှင့် လက်ကိုင်ဖုန်း ၂ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် သိန်းစိုး(ခ)ရာဂျား(၄၃)နှစ်နှင့် ကျော်ကျော်ထွေး(ခ)ရာဝီး(၄၁)နှစ်တို့အား ဝေါမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်း CCDAC MYANMAR မှ သိရသည်။
