သတိုး
၁၁. ၉. ၂၀၂၆
မြန်မာ – ကမ္ဘောဒီးယား နှစ်နိုင်ငံအကြား သဘောတူစာချုပ်နှင့် နားလည်မှုစာချွန်လွှာလေးခု လက်မှတ်ရေးထိုးမည်ဟု နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ယနေ့ ပြောကြားသည်။
ကမ္ဘောဒီးယားနိုင်ငံ ဘုရင်မင်းမြတ် ပရယ်ဘတ် ဆမ်ဒက် ပရယ် ဘိုရိုနစ် နိုရိုဒွန် သီဟာမိုနီ၏ ဖိတ်ကြားချက်အရ ကမ္ဘောဒီးယားနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား ကမ္ဘောဒီးယားနိုင်ငံ ခေတ္တနိုင်ငံတော်အကြီးအကဲနှင့် အထက်လွှတ်တော် (ဆီးနိတ်)ဥက္ကဋ္ဌ ဆမ်ဒက်ဟွန်ဆင်က ကမ္ဘောဒီးယား ဘုရင်မင်းမြတ်ကိုယ်စား ယနေ့ဒေသစံတော်ချိန် နံနက် ၁၁ နာရီခွဲအချိန်တွင် ကမ္ဘောဒီးယားနိုင်ငံ အထက်လွှတ်တော်ရှိ ညီညွတ်ရေးနန်းတော်၌ ဂုဏ်ပြု တပ်ဖွဲ့ဖြင့် ကြိုဆိုကာ တွေ့ဆုံဆွေးနွေးအပြီး တည်ခင်းသည့် ဂုဏ်ပြု နေ့လယ်စာအခမ်းအနားတွင် နိုင်ငံတော်သမ္မတက မိန့်ခွန်းပြောကြားချိန် ထိုသို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
“ကျွန်တော်တို့ နှစ်နိုင်ငံအကြား UNESCO အသိအမှတ်ပြု ကမ္ဘာ့ယဥ်ကျေးမှုအမွေအနှစ်များ တည်ရှိတဲ့ ပုဂံနဲ့ ဆီရမ်ရိ (Siem Reap) မြို့တို့ကြားမှာ ညီအစ်မမြို့တော်အဖြစ် ၁၉၉၆ ခုနှစ်ကတည်းက တည်ထောင်ထားကြပါတယ်။ မြို့နှစ်မြို့ ယဥ်ကျေးမှုအမွေအနှစ်တွေကို အခြေခံပြီး နှစ်နိုင်ငံချစ်ကြည်ရေး ခိုင်မာစေဖို့ ခရီးသွားကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်သွားမှာဖြစ်သလို နှစ်နိုင်ငံစီးပွားရေးလုပ်ငန်းရှင်များကြားမှာလည်း စီးပွားရေးပူးပေါင်းဆောင်ရွက်မှု မြှင့်တင်သွားမှာ ဖြစ်ပါတယ်။ အခုခရီးစဥ်အတွင်းမှာ သဘောတူစာချုပ်နဲ့ နားလည်မှုစာချွန်လွှာလေးခု ရေးထိုးသွားမှာဖြစ်တဲ့အတွက်လည်း ဝမ်းမြှောက်မိပါတယ်”ဟု နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောကြားသည်။
နှစ်နိုင်ငံအကြား ရေးထိုးမည့် သဘောတူစာချုပ်နှင့် နားလည်မှုစာချွန်လွှာလေးခုအား နှစ်နိုင်ငံဆွေးနွေးမှုများအပြီးတွင် အတည်ပြုရေးထိုးမည်ဟုသိရပြီး မကြာမီ ဆက်လက် ဖော်ပြပေးမည်ဖြစ်သည်။
