သတိုး
၁၁. ၉. ၂၀၂၆
ကမ္ဘောဒီးယားနိုင်ငံ ဘုရင် မင်းမြတ် ပရယ်ဘတ် ဆမ်ဒက် ပရယ် ဘိုရိုနစ် နိုရိုဒွန် သီဟာမိုနီ၏ ဖိတ်ကြားချက်အရ ကမ္ဘောဒီးယားနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေး ခရီးစဉ်ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား ကမ္ဘောဒီးယားနိုင်ငံ ခေတ္တနိုင်ငံတော်အကြီးအကဲနှင့် အထက်လွှတ်တော် (ဆီးနိတ်)ဥက္ကဋ္ဌ ဆမ်ဒက်ဟွန်ဆင်က ယနေ့ဒေသစံတော်ချိန် နံနက် ၁၁ နာရီခွဲအချိန်တွင် ကမ္ဘောဒီးယားနိုင်ငံ အထက်လွှတ်တော်ရှိ ညီညွတ်ရေးနန်းတော်၌ ဂုဏ်ပြု တပ်ဖွဲ့ဖြင့် ကြိုဆိုပြီး တွေ့ဆုံဆွေးနွေးသည်။
အဆိုပါအခမ်းအနားသို့ နိုင်ငံတော်သမ္မတနှင့်အတူ ခရီးစဉ်တွင်လိုက်ပါလာသော ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဦးတင်မောင်ဆွေ၊ ဒေါက်တာ ကံဇော်၊ ဦးမောင်မြင့်၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်၊ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော် အရာရှိကြီးများ၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများတက်ရောက်ကြပြီး ကမ္ဘောဒီးယားနိုင်ငံ ခေတ္တနိုင်ငံတော်အကြီးအကဲနှင့် အထက်လွှတ်တော် (ဆီးနိတ်)ဥက္ကဋ္ဌနှင့် အတူ ကမ္ဘောဒီးယားနိုင်ငံအစိုးရအဖွဲ့မှဝန်ကြီးများနှင့် အဆင့်မြင့်အရာရှိကြီးများ တက်ရောက်ကြသည်။
ဦးစွာပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ဂုဏ်ပြုတပ်ဖွဲ့ဖြင့် ကြိုဆိုမည့်နေရာသို့ရောက်ရှိရာ ကမ္ဘောဒီးယားနိုင်ငံ ခေတ္တနိုင်ငံတော်အကြီးအကဲနှင့် အထက်လွှတ်တော် (ဆီးနိတ်)ဥက္ကဋ္ဌ ဆမ်ဒက်ဟွန်ဆင်က ရင်းရင်းနှီးနှီးကြိုဆိုနှုတ်ဆက်ပြီး ဂုဏ်ပြုတပ်ဖွဲ့၏ အလေးပြုခြင်းကို ခံယူကြသည်။ ထိုအချိန်တွင် ဂုဏ်ပြုစစ်တီးဝိုင်းတပ်ဖွဲ့က ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် သီချင်းနှင့် ကမ္ဘောဒီးယား နိုင်ငံတော်သီချင်းတို့အား တီးမှုတ်ကြသည်။
ယင်းနောက် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် သည် ဂုဏ်ပြုတပ်ဖွဲ့အား စစ်ဆေးသည်။ ထို့နောက် ကမ္ဘောဒီးယားနိုင်ငံ ခေတ္တနိုင်ငံတော်အကြီးအကဲနှင့် အထက် လွှတ်တော်(ဆီးနိတ်)ဥက္ကဋ္ဌတို့သည် အခမ်းအနားသို့ တက်ရောက်လာကြသည့် နှစ်နိုင်ငံမှအဆင့်မြင့်အရာရှိကြီးများအား အပြန်အလှန်မိတ်ဆက်ပေးကြပြီး နိုင်ငံတော်သမ္မတက ကမ္ဘောဒီးယားနိုင်ငံ အထက်လွှတ်တော်ရှိ ညီညွတ်ရေးနန်းတော် ဧည့်သည်တော်မှတ်တမ်းစာအုပ်တွင် မှတ်တမ်းတင်လက်မှတ်ရေးထိုးသည်။
ယင်းနောက် နိုင်ငံတော်သမ္မတနှင့် ကမ္ဘောဒီးယားနိုင်ငံ ခေတ္တနိုင်ငံတော်အကြီး အကဲနှင့် အထက်လွှတ်တော် (ဆီးနိတ်)ဥက္ကဋ္ဌတို့သည် သီးသန့်တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း သိရပြီး အဆိုပါတွေ့ဆုံ ဆွေးနွေးမှုအကြောင်း အရာများ ဆက်လက် ဖော်ပြပေးသွားမည်ဖြစ်သည်။
