သက်တံ့
၁၁.၉. ၂၀၂၆
ပြည်သူတို့၏ အခြေခံလိုအပ်ချက်ဖြစ်သည့် ကျန်းမာရေးနှင့် ပညာရေးကဏ္ဍများအပြင် နိုင်ငံတော်စီးပွားဖွံ့ဖြိုးမှုအတွက် လျှပ်စစ်ဓာတ်အား စဉ်ဆက်မပြတ်ရရှိရေးသည် အဓိကအခန်းကဏ္ဍမှ ပါဝင်လျက်ရှိသည်။
သို့သော်လည်း PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူများသည် နိုင်ငံတော်နှင့် ပြည်သူများ၏ အကျိုးစီးပွားကို လျစ်လျူရှုပြီး နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုကို အဟန့်အတားဖြစ်စေရန် ရည်ရွယ်၍ အဖျက်အမှောင့်လုပ်ရပ်များကို စဉ်ဆက်မပြတ် ပြုလုပ်လျက်ရှိရာ ၂၃၀ ကေဗွီ ရွှေကျင် – သာယာကုန်း ဓာတ်အားလိုင်းအား ၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၂၆ ရက်တွင် ဖောက်ခွဲဖျက်ဆီးခဲ့မှုကြောင့် ညောင်လေးပင်မြို့နယ်အတွင်းရှိ တာဝါတိုင် (၁၁) တိုင် ပြိုလဲပျက်စီးခဲ့ရာ နိုင်ငံတော်ဓာတ်အားစနစ်သို့ ရွှေကျင်ရေအားလျှပ်စစ်စက်ရုံ၏ ထုတ်လုပ်မှု (၇၅)မဂ္ဂါဝပ်အား ပို့လွှတ်နိုင်ခြင်း မရှိတော့သဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးအပါအဝင် ဒေသတွင်းမြို့များ၌ အချိန်ပိုင်း ဓာတ်အားဖြတ်တောက်၍ ဓာတ်အားဖြန့်ဖြူးခဲ့ရပြီး အပြစ်မဲ့ပြည်သူများမှာ လူမှုစီးပွားရေးနှင့် နေ့စဉ်ဘဝများတွင် အခက်အခဲများ ဖြစ်ပေါ်ခဲ့ရသည်။
သို့ဖြစ်ရာ သက်ဆိုင်ရာလုံခြုံရေးတပ်ဖွဲ့ဝင်များ၏ အစောင့်အရှောက်ရယူ၍ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန လျှပ်စစ်ဝန်ထမ်း အင်အား (၃၀၀) တို့က ဒေသခံပြည်သူများ၏ ပူးပေါင်းပါဝင်မှုနှင့် စွန့်လွှတ်စွန့်စားစိတ်ဓာတ်များဖြင့် မဆုတ်မနစ် ကြိုးပမ်းဆောင်ရွက်ခဲ့ရာ ၂၀၂၆ ခုနှစ်၊ ဩဂုတ် ၃၀ ရက်တွင် ရွှေကျင်ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံမှ ထုတ်လုပ်သည့် လျှပ်စစ်ဓာတ်အား (၇၅)မဂ္ဂါဝပ်အပြင် ဆက်စပ်လျက်ရှိသည့် ဓာတ်အားလိုင်းများ ပြုပြင်ပြောင်းလဲ ချိတ်ဆက်နိုင်ခဲ့မှုကြောင့် စုစုပေါင်း မဂ္ဂါဝပ် (၈၀) ခန့် တစ်ရက်လျှင် ယူနစ် (၃ ဒသမ ၂) သန်းကို နိုင်ငံတော်ဓာတ်အားစနစ်အတွင်းသို့ တိုးမြှင့်ပို့လွှတ်နိုင်ခဲ့သည်။
အဆိုပါ ဓာတ်အားပမာဏသည် တစ်ရက်လျှင် လူဦးရေ (၃ ဒသမ ၅)သန်းကို ဓာတ်အားဖြန့်ဖြူးပေးနိုင်သည့် ပမာဏဖြစ်ပြီး ရန်ကုန်မြို့တွင် တစ်ရက် (၈) နာရီခန့် ဝန်အားထိန်းညှိ၍ အလှည့်ကျစနစ်ဖြင့် ဓာတ်အားဖြန့်ဖြူးပေးရန် မလိုတော့ဘဲ စက်တင်ဘာ ၉ ရက်မှစတင်၍ ဓာတ်အားလိုင်း အပြစ်ဖြစ်ပေါ်ချိန်မှအပ ၂၄ နာရီပတ်လုံး ဓာတ်အားဖြန့်ဖြူးပေးနိုင်လျက်ရှိရာ ပြည်သူလူထု၏ နေ့စဉ် လူမှုစီးပွားဘဝ တိုးတက်မှုကို အထောက်အပံ့များစွာ ဖြစ်စေခဲ့သည်။
လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန အနေဖြင့် PDF အမည်ခံအကြမ်းဖက်သောင်းကျန်း သူများဖျက်ဆီးခဲ့သည့် ဓာတ်အားလိုင်းများကို လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ စောင့်ရှောက်ဖြည့်ဆည်းပေးမှု၊ ပြည်သူလူထု၏ ပူးပေါင်းပါဝင်မှုတို့ဖြင့် အင်တိုက်အားတိုက် ပြန်လည်ပြုပြင်နိုင်ရေး ကြိုးပမ်းလျက်ရှိပြီး ပြုပြင်ပြီးစီးလာသည်နှင့်အမျှ ပြည်သူလူထုအနေဖြင့် လျှပ်စစ်ဓာတ်အား ပိုမိုတိုးတက် ရရှိသုံးစွဲနိုင်မည် ဖြစ်သဖြင့် နိုင်ငံတော်၏ မဟာဓာတ်အားလိုင်းကြီးများ အပါအဝင် ဓာတ်အားစနစ်တစ်ခုလုံး လျင်မြန်စွာ တိုးတက်ဖွံ့ဖြိုးလာစေရန်အတွက် မိဘပြည်သူများ အနေဖြင့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဝန်ထမ်းများနှင့်အတူ ပူးပေါင်း၍ ကြိုးပမ်းဆောင်ရွက်ပေးကြပါရန် မေတ္တာရပ်ခံထားကြောင်း သိရသည်။
