၁၁.၉.၂၀၂၆
Translated by Htwe Ko Tun
ဖိလစ်ပိုင်နိုင်ငံ ဒုတိယသမ္မတ ဆာရာဒူတာတေးကို ပြင်းထန်သော ခြိမ်းခြောက်မှုပြုလုပ်မှု စွဲချက် သုံးခုနဲ့ ရုံးတင်စစ်ဆေးမှု မပြုလုပ်ခင်မှာ သူမကို ထောက်ခံကြောင်းပြသဖို့ လူအုပ်စုတစ်စုက ကွီဇုန်စီတီး မြို့တော်ခန်းမအပြင်ဘက်မှာ စက်တင်ဘာလ ၁၁ ရက် နံနက်က စုဝေးခဲ့ကြပါတယ်။
ဒူတာတေးကို ကွီဇုန်စီတီး ဒေသတရားရုံးဌာနခွဲ ၉၈ မှာ စက်တင်ဘာလ ၁၁ ရက် နံနက် ၈:၃၀ နာရီက ရုံးတင်စစ်ဆေးပြီး စွဲချက်တင်ဖို့ စီစဉ်ခဲ့တာပါ။
ဆာရာရဲ့ ပြောရေးဆိုခွင့်ရှိသူ ရှေ့နေ ပေါလို ပါနယ်လို ဂျူနီယာက ဒုတိယသမ္မတအနေနဲ့ ဥပဒေအရ လိုအပ်တဲ့အတိုင်း ကိုယ်တိုင် ရုံးကိုလာရောက်မှာဖြစ်တယ်လို့ အစောပိုင်းက ပြောကြားထားပါတယ်။
ဒီရုံးချိန်းမှာ ဆာရာ ဒူတာတေးကိူ သူမအပေါ် စွဲဆိုထားတဲ့ အမှုကိစ္စတွေကို တရားဝင်အသိပေးမှာဖြစ်ပြီး အပြစ်ရှိ၊ မရှိ ထွက်ဆိုချက်ပေးဖို့ လိုအပ်မှာဖြစ်ကာ ဒီနောက်မှာ တရားရုံးရဲ့ လုပ်ငန်းစဉ်တွေ စတင်မှာ ဖြစ်ပါတယ်။
အဆိုပါစွဲချက်တွေက ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလမှာ ဆာရာ ပြောကြားခဲ့တဲ့ မှတ်ချက်စကားတွေက ပေါ်ပေါက်လာတာဖြစ်ပြီး သူမသာ အသတ်ခံရရင် သမ္မတ ဖာဒီနန်မားကို့စ် ဂျူနီယာ၊ သမ္မတကတော် လီဇာ အရာနီတာ မားကို့စ်နဲ့ ထိုစဉ်က လွှတ်တော်ဥက္ကဋ္ဌဖြစ်သူ မာတင် ရိုမာလ်ဒက်ဇ်တို့ကို သတ်ဖြတ်ဖို့ လူတစ်ဦးတို ငှားရမ်းထားဆယ်လို့ ပြောကြားခဲ့တာပါ။
ဆာရာ ဒူတာတေးကို အဆိုပါစွဲချက်တွေနဲ့ ပတ်သက်လို့ စက်တင်ဘာလ ၄ ရက်မှာ ဖမ်းဆီးဖို့ အမိန့်ထုတ်ပြန်ခဲ့ပြီး နောက်တစ်နေ့မှာ စုစုပေါင်း ပီဆို ၃၆၀,၀၀၀ နဲ့အာမခံရယူခဲ့ပါတယ်။
ထိုမှတ်ချက်စကားတွေကပဲ ဖိလစ်ပိုင်အထက်လွှတ်တော်မှာ သူမကို ရာထူးမှဖယ်ရှားရေး လုပ်ငန်းစဉ်အတွက် စွဲချက်တွေထဲမှာ တစ်ခုအနေနဲ့ ပါဝင်နေပါတယ်။
ဒုတိယသမ္မတက သူဟာ ရာထူးမှဖယ်ရှားခံရနိုင်ခြေရှိပေမယ့် တာဝန်ထမ်းဆောင်ဆဲ အရာရှိတစ်ဦးအနေနဲ့ တရားစွဲဆိုခံရခြင်းမှ ကင်းလွတ်ခွင့်ရှိတယ်လို့ အကြောင်းပြကာ ကွီဇုန်စီတီး တရားရုံးအနေနဲ့ အဆိုပါအမှုကို ဆက်လက်ဆောင်ရွက်နေတာကို တားဆီးပေးဖို့ စက်တင်ဘာလ ၁၁ ရက်က တရားရုံးချုပ်ထံ လျှောက်ထားခဲ့ပါတယ်။
Ref; inquirer.net
