သတိုး
၁၁. ၉. ၂၀၂၆
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ကမ္ဘောဒီးယားနိုင်ငံ ဘုရင်မင်းမြတ် ပရယ်ဘတ် ဆမ်ဒက် ပရယ် ဘိုရိုနစ် နိုရိုဒွန် သီဟာမိုနီ၏ ဖိတ်ကြားချက်အရ ကမ္ဘောဒီးယားနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် (State Visit) ရောက်ရှိနေရာ ယနေ့မွန်းလွဲပိုင်းတွင် ကမ္ဘောဒီးယားနိုင်ငံ လွတ်လပ်ရေးကျောက်တိုင်နှင့် ကမ္ဘောဒီယားနိုင်ငံ၏ ခမည်းတော်ဘုရင်ဖြစ်သည့် Preah Bat Samdech Preah NORODOM SIHANOUK “PREAH BOROM RATANAK KAUDH”၏ ရုပ်တုတို့တွင် လွမ်းသူပန်းခွေချကာ ဂုဏ်ပြုပေးခဲ့ကြောင်း သိရသည်။
နိုင်ငံတော် သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ စက်တင်ဘာလ (၁၁) ရက်မှ မနက်ဖြန် စက်တင်ဘာလ (၁၂) ရက်နေ့အထိ ကမ္ဘောဒီးယားနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဥ် (State Visit) ရောက်ရှိနေခြင်းဖြစ်သည်။
ယနေ့ ခရီးစဉ်အတွင်း နိုင်ငံတော် သမ္မတ ဦးမင်းအောင်လှိုင်သည် အထက်လွှတ်တော်ခန်းမတွင် ဂုဏ်ပြုတပ်ဖွဲ့ဖြင့် ကြိုဆိုခဲ့သော ကမ္ဘောဒီးယားနိုင်ငံ၏ ယာယီနိုင်ငံတော်အကြီးအကဲ Samdech Akka Moha Sena Padei Techo HUN Sen နှင့် ထိပ်သီးတွေ့ဆုံပွဲ ကျင်းပပြီးစီးခဲ့ပြီဖြစ်သည်။ မကြာမီ ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ် Samdech Moha Borvor Thipadei HUN Manet နှင့်လည်း နှစ်နိုင်ငံ သီးသန့်ဆွေးနွေးပွဲ ပြုလုပ်သွားမည်ဖြစ်သည်။
အဆိုပါတွေ့ဆုံပွဲများတွင် နှစ်နိုင်ငံခေါင်းဆောင်များသည် နှစ်နိုင်ငံအကြား ရင်းနှီးသည့် ဆက်ဆံရေးကို ပိုမိုခိုင်မာစေရန်၊ နှစ်ဦးနှစ်ဖက် အပြန်အလှန် အကျိုးပြုမည့် ပူးပေါင်းဆောင်ရွက်မှုများကို တိုးချဲ့ရန်နှင့် ဒေသတွင်း သို့မဟုတ် နိုင်ငံတကာဆိုင်ရာ အဓိက အကြောင်းအရာများအပေါ် အမြင်ချင်းဖလှယ် ဆွေးနွေးကြမည် ဖြစ်သည်။
ယခု သွားရောက်မည့် တရားဝင် ခရီးစဉ်သည် နှစ်နိုင်ငံနှင့် ပြည်သူများအကြား ချစ်ကြည်ရင်းနှီးမှု သံယောဇဉ်ကို ပိုမိုခိုင်မာစေရန် ဘုံသဘောတူညီချက်များကို ထပ်လောင်းအတည်ပြုသည့် ခရီးစဉ်တစ်ခု ဖြစ်လာမည်ဖြစ်သည်။
