၁၁.၉.၂၀၂၆
Written by Linn Eain
မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်တွင် အပြည်ပြည်ဆိုင်ရာလေယာဥ်ခရီးစဥ်များ ယာယီရပ်နားထားကြောင်း MAI လေကြောင်းလိုင်းက စက်တင်ဘာ ၁၀ ရက်၊ ညပိုင်းက Important Announcement အနေဖြင့် ထုတ်ပြန်ခဲ့သည်။
Myanmar Airways International (MAI) က မန္တလေး အပြည်ပြည်ဆိုင်ရာလေဆိပ်မှ သွား/လာသည့် အပြည်ပြည်ဆိုင်ရာ လေယာဉ်ခရီးစဉ်အားလုံးကို လုပ်ငန်းလည်ပတ်မှုဆိုင်ရာ အကြောင်းရင်းများကြောင့် ယာယီရပ်နားခြင်းဖြစ်ပြီး ပြန်လည်ဖွင့်လှစ်မည့်ရက်ကို ပြန်လည်ကြေညာသွားမည်ဟု ထုတ်ပြန်ထားသည်။
ထိုသို့ ယာယီရပ်နားချိန်အတွင်း MAI လေကြောင်းလိုင်းနှင့် Mingalar လေကြောင်းလိုင်းတို့၏ မန္တလေး သို့ပြေးဆွဲမည့် ပြည်တွင်းလေကြောင်းခရီးစဉ်များကို ပြင်ဦးလွင်ရှိ အနီးစခန်းလေဆိပ်မှ ပြေးဆွဲမည်ဟု MAI က ထုတ်ပြန်ခဲ့သည်။
ယင်းကဲ့သို့ မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်၏ ပြည်ပခရီးစဥ်များ ယာယီရပ်နားထားမှုကြောင့် လက်မှတ်ဝယ်ယူထားသူများအတွက် လက်မှတ်ခများ အပြည့်အဝပြန်လည်ထုတ်ပေးသွားမည်ဖြစ်ပြီး ခရီးစဥ်လမ်းကြောင်း တစ်ကြိမ်အခမဲ့ပြောင်းလဲမှု(ထိုင်ခုံရရှိနိုင်မှုအပေါ် မူတည်၍) ပြုလုပ်နိုင်ကြောင်း သိရသည်။
Travel Agent များ သို့မဟုတ် OTA(အွန်လိုင်းမှတစ်ဆင့်)များမှ လက်မှတ်ဝယ်ယူထားသူများသည် မိမိတို့ ဝယ်ယူထားသည့်နေရာများကို တိုက်ရိုက်ဆက်သွယ်ရန်နှင့် ခရီးသည်များအနေဖြင့် အဆင်မပြေမှုများဖြစ်ေစသည့်အတွက် တောင်းပန်ကြောင်း၊ နောက်ထပ်အချက်အလက်များကို တရားဝင်ချန်နယ်များမှတစ်ဆင့် ဆက်လက်ကြေညာမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
မန္တလေးတိုင်းဒေသကြီး၊ တံတားဦးအပြည်ပြည်ဆိုင်ရာလေဆိပ်ကို PDF များက FPV Suicide Drone များဖြင့် စက်တင်ဘာ ၁၀ ရက်၊ မွန်းလွဲပိုင်းက တိုက်ခိုက်မှုအား လုံခြုံရေးတပ်ဖွဲ့များက ဟန့်တားနိုင်ခဲ့ဟု တပ်မတော်သတင်းမှန်ထုတ်ပြန်ရေးအဖွဲ့၏ ထုတ်ပြန်မှုအရ သိရသည်။
PDF အကြမ်းဖက်သောင်းကျန်းသူ ပူးပေါင်းအဖွဲ့များအနေဖြင့် ဒေသဖွံ့ဖြိုးတိုးတက်မှုကို ပျက်စီးစေရန်၊ အစိုးရ၏ အုပ်ချုပ်မှုယန္တရား ပျက်ပြားစေရန်၊ ဒေသတည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန်ရည်ရွယ်၍ ဆင်ခြင်တုံတရားကင်းမဲ့စွာဖြင့် အခြေခံအဆောက်အအုံများ၊ လမ်း၊ တံတားများ၊ စာသင်ကျောင်းများ၊ ဆေးရုံများအား မိုင်းထောင်ဖောက်ခွဲ ဖျက်ဆီးခြင်း၊ ရှော့တိုက်ဒုံး များဖြင့် အဝေးမှပစ်ခတ်ခြင်း၊ Drone များ အသုံးပြု၍ Drop Bomb များ ပစ်ချတိုက်ခိုက်ခြင်းများကို ယုတ်မာရိုင်းစိုင်းစွာ ဆောင်ရွက်လျက်ရှိရာ အကြမ်းဖက်သောင်းကျန်းသူပူးပေါင်းအဖွဲ့များက ယနေ့ မွန်းလွဲပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ တံတားဦးမြို့နယ်ရှိ အများပြည်သူ အသုံးပြုလျက်ရှိသည့် တံတားဦးအပြည်ပြည်ဆိုင်ရာလေဆိပ်နှင့် အနီးဝန်းကျင်နေရာများသို့ FPV Suicide Drone (၆)စင်းဖြင့် ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ခဲ့ရာ လေကြောင်းလုံခြုံရေးတာဝန်များ ထမ်းဆောင်လျက်ရှိသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များက လေကြောင်းရန်ကာကွယ်ရေးစနစ်များဖြင့် ထောက်လှမ်းသိရှိခဲ့ပြီး အဆိုပါ Drone ယာဉ်များအား Drone ရန်ကာကွယ်ရေးအစီအမံများဖြင့် ဟန့်တားနိုင်ခဲ့သည်။ လုံခြုံရေးတပ်ဖွဲ့ဝင်များက အများပြည်သူများ အန္တရာယ်ကင်းရှင်းစေရန်အတွက် Drone ယာဉ်များတွင် ပါရှိသည့် ဖောက်ခွဲဖျက်ဆီးရေးပစ္စည်းများအား စနစ်တကျ သက်မဲ့ပြုလုပ်ခြင်းများ ဆောင်ရွက်ခဲ့သည်။
ထိုသို့ ပစ်ချတိုက်ခိုက်ခဲ့မှုကြောင့် ပြည်တွင်းလေကြောင်းလိုင်းခရီးစဉ်အချို့ ခေတ္တရပ်ဆိုင်းခဲ့ရပြီး ဖြစ်စဉ်တွင် လူ၊ ယာဉ်နှင့် လေယာဉ်ပြေးလမ်းများ ထိခိုက်ပျက်စီးမှုမရှိခဲ့ကြောင်း သိရှိရသည်။
ယခုကဲ့သို့ စစ်ရေးနှင့်မသက်ဆိုင်သော အများပြည်သူသွားလာရေးနှင့် ကုန်စည်စီးဆင်းမှု မြန်ဆန်စေရေးအတွက် များစွာအထောက်အကူပြုသော လေကြောင်းပို့ဆောင်ရေးဖြစ်သည့် လေယာဉ်ကွင်းအား ရည်ရွယ်ချက်ရှိစွာဖြင့် တိုက်ခိုက်ခြင်းသည် ဂျီနီဗာကွန်ဗန်းရှင်းများနှင့် အပြည်ပြည်ဆိုင်ရာ ဥပဒေတို့အရ စစ်ရာဇဝတ်မှု (War Crime)ကို ကျူးလွန်ခြင်းဖြစ်ပြီး ၎င်းတို့၏ အကြမ်းဖက်လုပ်ရပ်များအပေါ် စက်ဆုပ် ရွံရှာစွာဝိုင်းဝန်းကန့်ကွက်ရှုတ်ချလျက်ရှိသည်။
