၁၁.၉.၂၀၂၆
Written by Thiri
မနက်အစောပိုင်း အလင်းရောင်မရှိသေးချိန် လမ်းမပေါ်မှာ ရပ်တန့်ကာ ဝါးဆိုင်ရှေ့ ဝါးလုံးတွေချနေတဲ့ ကားကို အရှိန်နဲ့မောင်းနှင်လာတဲ့ ဟိုက်ဂျက်က ဝင်တိုက်ရာက ယာဉ်မောင်းဖြစ်သူနေရာတင်သေဆုံးခဲ့တဲ့ဖြစ်စဉ် ဒီနေ့ မနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး မြောက်ဥက္ကလာပ မြို့နယ်မှာ ဖြစ်ပွားခဲ့တယ်လို့ မြေပြင်အကူအညီရောက်ရှိခဲ့တဲ့ လူမှုကယ်ဆယ်ရေး အသင်းထံကနေ သိရပါတယ်။
ဖြစ်စဉ်က ဒီကနေ့ ၁၁. ၉. ၂၀၂၆ ရက်နေ့ မနက် ၄ နာရီဝန်းကျင်အချိန်က မြောက်ဥက္ကလာပ မြို့နယ်၊ အမှတ် ၈ ရပ်ကွက်၊ ဝေဘာဂီလမ်းမကြီးပေါ်ရှိ ကုဋေကြွယ်လက်ဖက်ရည်ဆိုင် အနီးက ဝါးဆိုင်ရှေ့မှာ ဝါးလုံးတွေ ချနေတဲ့ ခြောက်ဘီးကားရဲ့ နောက်ပိုင်းကို ဟိုက်ဂျက် ကားမှ ဝင်တိုက်ခဲ့တာလို့ သိရပါတယ်။
အခင်းဖြစ်နေရာဆီ တာဝန်ရှိသူတွေနဲ့ လူမှုကယ်ဆယ်ရေးအသင်းက ရောက်ရှိချိန်မှာတော့ ယာဉ်မောင်းဖြစ်သူ အသက် ၃၀ အရွယ် အမျိုးသားမှာ ဟိုက်ဂျက်ကား လေကာမှန်ကနေ ဝါးလုံးတွေ ဖောက်ဝင်ကာ ရင်ဘတ် ၊ လည်ပင်း စိုက်ဝင် ပွင့်ထွက် ဒဏ်ရာတွေနဲ့ နေရာတင် သေဆုံးနေခဲ့ပြီလို့ သိရပါတယ်။
မြေပြင်အကူအညီရောက်ရှိခဲ့တဲ့ မြောက်ဥက္ကလာ အခြေစိုက် ထာဝရအလင်းတန်း လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူက “ဝါးကားက လမ်းပေါ်တော့ တစ်ဝက်ရောက်နေတာပေါ့။ ဒါပေမယ့် အဲ့ဒီဟိုက်ဂျက်ကားလာနေတာ မြင်တော့ ဝါးဆိုင်က လူတွေက ဓာတ်မီးနဲ့ ထိုးပြတယ်။ အချက်ပြတာပေါ့။ အဲ့ဒါကို တိုက်မိသွားတာလို့ ပြောတယ်။ အခု မနက် ကိုးနာရီကျော်အထိတော့ ပိုင်ရှင်မပေါ်သေးဘူး” လို့ MT News က ဆက်သွယ်မေးမြန်းတာကို ပြန်လည်ဖြေကြားပါတယ်။
မတော်တဆမှုဖြစ်ပွားကာ တိုက်မိတဲ့ ဟိုက်ဂျက်ကားနံပါတ်က YGN -28 7G/ 2289 လို့ သိရပြီး မိသားစုဝင်တွေနဲ့ သိရှိိတဲ့သူတွေ ဖုန်းနံပါတ် 09456855191 ဆက်သွယ်ပေးပါရန် လူမှုကယ်ဆယ်ရေး အသင်းက မေတ္တာရပ်ခံထားပြီး ရုပ်အလောင်းကိုတော့ မြောက်ဥက္ကလာပ ပြည်သူ့ဆေးရုံကြီး ရင်ခွဲရုံမှာ PR နံပါတ် 73 နဲ့ ပို့ဆောင်ထားရှိတယ်လို့ သိရပါတယ်။
