၁၀.၉.၂၀၂၆
Written By Thandar
မြန်မာ့စာပေ၊ ရုပ်ရှင်နဲ့ ဥပဒေပညာနယ်ပယ်တို့မှာ ပါဝင်အကျိုးပြုခဲ့သူ စာရေးဆရာ၊ ရုပ်ရှင်ဒါရိုက်တာ ဇာတ်ညွှန်း ဦးအောင်စိုးဦးရဲ့ နောက်ဆုံးခရီးစျာပနအခမ်းအနားကို ယနေ့ နေ့လည်ပိုင်းက ရန်ကုန်မြို့ ရေဝေးသုသာန်မှာ ပြုလုပ်ခဲ့ပါတယ်။
အဆိုပါ နာရေးနောက်ဆုံးခရီးကို နာရေးကူညီမှုအသင်း (ရန်ကုန်)က ဆရာမဒေါ်သန်းမြင့်အောင် ဦးဆောင်ပြီး ရုပ်ရှင်သရုပ်ဆောင် ထွန်းကိုကိုနဲ့ စာပေလောက စာရေးဆရာတွေ၊ ရုပ်ရှင်စတဲ့ နယ်ပယ်စုံက လိုက်လံပို့ဆောင်ပေးခဲ့ကြပါတယ်။
သူဟာ စက်တင်ဘာ ၈ ရက် ညနေ ၇နာရီ ၂၃ မိနစ်က နှလုံးရောဂါနဲ့ ရုတ်တရက်ကွယ်လွန်ခဲ့တာဖြစ်တာလည်း ဖြစ်ပါတယ်။ မြန်မာ့ရုပ်ရှင်သမိုင်းမှာ ထင်ရှားတဲ့ “သင်္ကြန်မိုး” ရုပ်ရှင်ဇာတ်ကားကို ဇာတ်ညွှန်းဖန်တီးရေးအဖွဲ့မှာ ပါဝင်ခဲ့သူတစ်ဦးဖြစ်ပြီး မြန်မာ့ရိုးရာသင်္ကြန်ယဉ်ကျေးမှု၊ ရှေးမြန်မာ့လူနေမှုဘဝနဲ့ ဂီတအနုပညာတို့ကို ပေါင်းစပ် တင်ဆက်ခဲ့တာလည်းဖြစ်ပါတယ်။ ဒါ့အပြင် ဦးအောင်စိုးဦးက ရုပ်ရှင်ဒါရိုက်တာတစ်ဦးအနေနဲ့ ၁၉၉၄ ခုနှစ်မှာ နော်ရင်မွှေး ရုပ်ရှင်ဇာတ်ကားကို ရိုက်ကူးခဲ့သလို ဇာတ်ညွှန်းပိုင်းကိုလည်း ကိုယ်တိုင်ဒါရိုက်တာအဖြစ် ရုပ်ရှင်ဖန် တီးရေးသားခဲ့ပါတယ်။
ဥပဒေပညာရှင်တစ်ဦးအနေနဲ့ ဦးအောင်စိုးဦး(ခ)ကိုအလင်္ကာဟာ မြန်မာမီဒီယာရှေ့နေများကွန်ရက် ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့ဖူးပြီး မီဒီယာနဲ့ စာပေမူပိုင်ခွင့်ဆိုင်ရာ ကိစ္စရပ်တွေမှာ ပါဝင်ဆောင်ရွက်ခဲ့ပါသလို စာရေးဆရာကြီး ပါရဂူရဲ့ စာပေမူပိုင်ခွင့်ကို ကာကွယ်ဖို့ ဖွဲ့စည်းခဲ့တဲ့ အဖွဲ့မှာလည်း ဥပဒေအကြံပေးအဖြစ် ပါဝင်ခဲ့သူလည်း ဖြစ်ပါတယ်။ စာပေ၊ ဥပဒေနဲ့ အသိဉာဏ်ပစ္စည်းမူပိုင်ခွင့်ဆိုင်ရာ အကြောင်းအရာတွေကို“အာရှမူပိုင်ခွင့်လက်စွဲ” စတဲ့ စာအုပ်တွေမှတစ်ဆင့် မူပိုင်ခွင့်ဆိုင်ရာ အသိပညာတွေကို ဖြန့်ဝေခဲ့သူဖြစ်ပါတယ်။
ဦးအောင်စိုးဦးရဲ့ ရက်လည်ဆွမ်းကျွေးတရားနာခြင်းကို လာမယ့် စက်တင်ဘာ ၁၄ ရက် နံနက်က် ၇ နာရီမှာ ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် ၇ ရပ်ကွက် သလ္လာဝတီ လမ်း ၇ မိုင်ကွန်ဒို ၉ လွှာ အခန်း ၉၀၉ နေအိမ်မှာ ပြုလုပ်သွားမှာ လည်းဖြစ်ပါတယ်။
#ကွယ်လွန်သူ #ဆရာကြီးဦးအောင်စိုးဦး #UAungSoe #ဦးအောင်စိုး #နာရေးကူညီမှုအသင်း(ရန်ကုန်)
#RIP #နာရေးနောက်ဆုံးခရီး
