၁၀.၉.၂၀၂၆
Written by Linn Eain
ရန်ကုန် – မန္တလေး အမြန်လမ်းမကြီးပေါ် သွားလာလလျှက်ရှိသည့် ခရီးသည်တင်ယာဉ် ၃၅၂၅ စီးနှင့် ကုန်တင်ယာဉ် ၂၅၁၂ စီးကို Telematics စနစ် GPS စက်များ တပ်ဆင်ပေးထားကြောင်းသိရသည်။
ရန်ကုန် – မန္တလေးအမြန်လမ်းမကြီးပေါ်တွင် Telematics စနစ် GPS စက်များ တပ်ဆင်ပြီး ဝန်ဆောင်မှုပေးခြင်း လုပ်ငန်းများ ကို ၂၀၂၄ ခုနှစ် ဇွန်လတွင် စတင်ဆောင်ရွက်ခဲ့ပြီး ခရီးသည်တင်ယာဉ်များနှင့် သတ်မှတ်ခွင့်ပြုထားသည့် ကုန်စည် ၁၄ မျိုးသာတင်ဆောင်ရမည့် ကုန်တင်ယာဉ်ကြီးများသည် Telematics GPS စနစ်တပ်ဆင်ပြီးမှသာ လမ်း အသုံးပြုခွင့်ရမည်ဖြစ်ကြောင်း သိရသည်။
နေပြည်တော် စီလမ်းဆုံတိုးလ်ဂိတ်ရှိ Telematics Command & Control Center သည် ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးပေါ်တွင် သွားလာလျက်ရှိသည့် ခရီးသည်တင်ယာဉ်များ သတ်မှတ်အရှိန်နှုန်း ကီလို ၉၀ အတွင်းသာ မောင်းနှင်စေရေး၊ ယာဉ်မရပ်ရသည့်နေရာများတွင် ရပ်တန့်မှုမရှိစေရေးအတွက် တယ်လီဖုန်းဖြင့် သတိပေးခြင်းကို ၂၄ နာရီ ဝန်ဆောင်မှုဖြင့် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ထိုကဲ့သို့ Telematics Command & Control Center ၏ လုပ်ငန်းဆောင်ရွက်မှုများကို ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးမြင့်သည် စက်တင်ဘာ ၉ ရက်၊ နံနက်ပိုင်းက သွားရောက်ကြည့်ရှုခဲ့ပြီး ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး (ရန်ကုန်-နေပြည်တော် လမ်းပိုင်း) တိုးလ်ဂိတ်များရှိ CCTV အခန်းများ၊ ငွေကောက်ခံမှုစနစ်များ၊ နည်းပညာဆိုင်ရာ ဆောင်ရွက်ထားမှု၊ ကတ္တားပေါ်၌ ယာဉ်များတိုးလ်ဂိတ်ချိန်တွယ်၍ ဖြတ်သန်းမောင်းနှင် သွားလာနေမှုနှင့် အဆောက်အအုံများကိုလည်း ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ထို့နောက် တိုးလ်ဂိတ်အဆောက်အအုံများကို သတ်မှတ်အင်္ဂါရပ်များနှင့်အညီ ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းများဆောင်ရွက်သွားရန်၊ ယာဉ်များ သတ်မှတ်တန်ချိန်ကျော်လွန်မှုမရှိစေရေး ကြီးကြပ်ဆောင်ရွက်သွားရန်၊ တိုးလ်ဂိတ်ရှိ TFI Display Board များ၊ Barrier မောင်းတံများ၊ ကတ္တားများ၊ CCTV Camera များ၊ Computer နှင့် စပ်ဆက်ပစ္စည်းများ အမြဲတမ်းကောင်းမွန် အောင်ဆောင်ရွက်သွားရန်၊ ပစ္စည်းများပျက်စီးမှုဖြစ်ပေါ်လာပါက အချိန်နှင့်တစ်ပြေးညီ သတင်းပို့ တင်ပြသွားရန်၊ လမ်းအသုံးပြုခကောက်ခံရရှိမှု စာရင်းဇယားများ စနစ်တကျမှန်ကန်မှုရှိစေရန် မှာကြားခဲ့ကြောင်း သိရသည်။
