၁၀.၉.၂၀၂၆
Written by Thiri
အင်းစိန်မြို့နယ် အောင်ဇေယျတံတားပေါ်ကနေ ဆယ်ကျော်သက် လူငယ်တစ်ဦး ခုန်ချဖို့ ကြိုးစားတာကို လမ်းသွားလမ်းလာတွေနဲ့ ပရဟိတအသင်းအဖွဲ့တွေက ကူညီကယ်ဆယ်ပေးခဲ့ရတဲ့ဖြစ်စဉ် မနေ့က စက်တင်ဘာ ၉ ရက် မနက်ပိုင်းက ဖြစ်ပွားခဲ့တယ်လို့ ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေ လုပ်ဆောင်ခဲ့တဲ့ အင်းစိန်မြို့နယ် ကြက်ခြေနီ တပ်ဖွဲ့ထံကနေ သိရပါတယ်။
ဖြစ်စဉ်က မနေ့က စက်တင်ဘာ ၉ ရက်နေ့ မနက် ၁၀ နာရီဝန်းကျင်က လူငယ်တစ်ဦး အင်းစိန်အောင်ဇေယျကြိုးတံတားပေါ်ကနေ လှိုင်မြစ်ထဲကို ခုန်ချစီရင်ဖို့ ကြိုးစားနေတာကြောင့် ပတ်ဝန်းကျင်ရှိ တာဝန်သိပြည်သူတွေက သက်ဆိုင်ရာ တာဝန်ရှိသူတွေထံ တယ်လီဖုန်းနဲ့ ဆက်သွယ် အသိပေးလာကြောင့် မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်တွေနဲ့အတူ ကြက်ခြေနီတပ်ဖွဲ့ကလည်း ထွက်ခွာကူညီခဲ့တယ်လို့ သိရပါတယ်။
လှိုင်သာယာအခြေစိုက် လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူက “သူ့ကို အမျိုးသမီးကြီးတစ်ဦးက စတွေ့ပြီး ပြုတ်မကျအောင် ဆွဲထားတာ။ သူက အော်ဟစ် အကူအညီတောင်းလို့ ပြည်သူတချို့က သက်ဆိုင်ရာတွေဆီ ဆက်သွယ်တော့ ကျွန်တော်တို့ စက်တွေထဲ သတင်းဝင်လာတာနဲ့ အမြန်လာကူညီဖြစ်တာ။ ဝိုင်းဝန်း ဖြောင့်ဖျပြီး ဆွဲတင်ခဲ့ရတယ်” လို့ ဖြစ်စဉ်ကို MT News က ဆက်သွယ် မေးမြန်းရာမှာ ပြန်လည်ဖြေကြားပါတယ်။
အဆိုပါ လူငယ်က အသက် ၁၄ နှစ်အရွယ်ဖြစ်ပြီး အင်းစိန်မြို့နယ် ကန္နားအနောက်ရပ်ကွက်မှာ နေထိုင်သူလို့ သိရပါတယ် ။ မူးယစ်ဆေးဝါးနဲ့ ဂိမ်းစွဲလမ်းမှုတွေက လူငယ်ကို အခုလို လမ်းဆုံးရောက်အောင်တွန်းပို့တဲ့အထိ ဖြစ်ပွားခဲ့တာလို့ အင်းစိန်မြို့နယ် ကြက်ခြေနီတပ်ဖွဲ့မှ တာဝန်ရှိသူက ရှင်းပြပါတယ်။
ကြက်ခြေနီ တပ်ဖွဲ့မှ တာဝန်ရှိသူက “ကလေးကိုယ်တိုင်ကလည်း ကြောက်နေတယ်။ သူ့ကို နားချ ပြောဆိုလို့လည်း ရခဲ့တယ်။ မိဘတွေ လက်ထဲ ပြန်အပ်ခဲ့တယ်။ ဆေးဝါးလည်း သုံးတယ်။ ငွေတွေ ချေးပြီး ဂိမ်းတွေ ဆော့တယ်။ အဲ့ဒါတွေကနေ ပြဿနာဖြစ်တော့ မရှင်းနိုင်တော့ဘဲ အခုလို ရေထဲ ခုန်ချဖို့ ကြိုးစားတာ” လို့ ပြောပါတယ်။
လက်ရှိမှာတော့ အဆိုပါ ခုန်ချ အဆုံးစီရင်ဖို့ ကြံစည်တဲ့ လူငယ်ကို မိသားစုက အာမခံနဲ့ ပြန်လည်ထိန်းသိမ်းထားပြီး စိတ်ပိုင်းဆိုင်ရာ ကုသမှု လမ်းညွှန်ချက်တွေကို သက်ဆိုင်ရာနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့လည်း သိရပါတယ်။
