သက်တံ့
၉. ၉. ၂၀၂၆
အရှေ့အလယ်ပိုင်းဒေသရှိ ရေနံစက်ရုံများနှင့် ရေယာဉ်များ တိုက်ခိုက်ခံရမှုကြောင့် ယိုင်လဲနေပြီးဖြစ်သော ထောက်ပံ့ပို့ဆောင်ရေး ကွင်းဆက်ကို ပိုမိုခြိမ်းခြောက်လာခဲ့ပြီးနောက် ရေနံစျေးနှုန်းသည် ၆ ပတ်နီးပါးကာလအတွင်း ပထမဆုံးအကြိမ်အဖြစ် တစ်စည်လျှင် အမေရိကန်ဒေါ်လာ ၁၀၀ အထက်သို့ ပြန်လည်ရောက်ရှိသွားခဲ့သည်။
နိုင်ငံတကာ စံချိန်စံညွှန်းဖြစ်သော Brent ရေနံစိမ်း စျေးနှုန်းသည် စက်တင်ဘာ ၈ ရက်က တစ်စည်လျှင် ၉၇ ဒသမ ၈၉ ဒေါ်လာဖြင့် ဈေးပိတ်ခဲ့သော်လည်း စက်တင်ဘာလ ၉ ရက် (ဗုဒ္ဓဟူးနေ့) နံနက်ပိုင်းတွင် ၂ ဒသမ ၄ ရာခိုင်နှုန်း မြင့်တက်ကာ ၁၀၀ ဒသမ ၂၉ ဒေါ်လာသို့ ရောက်ရှိသွားခဲ့သည်။ အမေရိကန် စံချိန်ရေနံစိမ်းစျေးနှုန်းသည်လည်း ၁ ဒသမ ၉ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး တစ်စည်လျှင် ၉၄ ဒသမ ၇၇ ဒေါ်လာ ဖြစ်လာခဲ့သည်။
ရေနံစိမ်းစျေးနှုန်းများ မြင့်တက်လာသောအခါ ဓာတ်ဆီ၊ ဒီဇယ်နှင့် လေယာဉ်ဆီ စျေးနှုန်းများပါ လိုက်ပါမြင့်တက်လေ့ရှိသည်။ ထို့ကြောင့် ခရီးသွားလာရေး စရိတ်များအပြင် လတ်ဆတ်သော အစားအသောက်များကဲ့သို့ အမြန်သယ်ယူရသည့် ကုန်ပစ္စည်းများနှင့် ပရိဘောဂ၊ လျှပ်စစ်ပစ္စည်းများကဲ့သို့ အဝေးသို့ သယ်ယူပို့ဆောင်ရသည့် ကုန်ပစ္စည်းစရိတ်များ မြင့်တက်လာနိုင်သည်။
အမေရိကန် စစ်သင်္ဘောတစ်စီးအား ဒုံးကျည်ဖြင့် ပစ်ခတ်ရန် ကြိုးပမ်းမှုကို တုံ့ပြန်သည့်အနေဖြင့် အမေရိကန်စစ်တပ်က အီရန် ရေနံတင်သင်္ဘော ၅ စီးကို တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ခဲ့ပြီးနောက်နှင့် အီရန်ကျောထောက်နောက်ခံပြု ဟူသီ (Houthi) သူပုန်အဖွဲ့၏ တိုက်ခိုက်မှုကြောင့် ဆော်ဒီအာရေးဗီးယားရှိ ရေနံစက်ရုံများတွင် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပြီးနောက် ဈေးကွက်အတွင်း ရိုက်ခတ်မှုများ ဖြစ်ပေါ်လာခြင်းဖြစ်သည်။
အစ္စရေးနှင့် အမေရိကန်တို့သည် အီရန်နှင့် စစ်ပွဲစတင်ခဲ့ပြီးနောက် ရေနံစိမ်းစျေးနှုန်းများ ဆက်တိုက် မြင့်တက်ခဲ့ရပြီး လွန်ခဲ့သည့် ၆ လကျော်ကာလအတွင်း စျေးနှုန်းများ များစွာအတက်အကျ ဖြစ်ပေါ်ခဲ့သည်။ ထိုတိုက်ပွဲများကြောင့် စစ်ပွဲမစမီက ကမ္ဘာ့ရေနံထောက်ပံ့မှု၏ ငါးပုံတစ်ပုံခန့် ဖြတ်သန်းသွားလာနေသည့် အရေးပါသော ဟော်မုဇ် ရေလက်ကြား (Strait of Hormuz) ဖြတ်သန်း သယ်ယူပို့ဆောင်ရေး လုပ်ငန်းအများစု ရပ်ဆိုင်းသွားခဲ့ရသည်။
မတ်လ၊ ဧပြီလနှင့် မေလများတွင် Brent ရေနံစိမ်း စျေးနှုန်းသည် ၇၀ ဒေါ်လာမှ ၁၀၀ ဒေါ်လာဝန်းကျင်အထိ မြင့်တက်ခဲ့သည်။ ဇူလိုင်လတွင်မူ ပါရှန်းပင်လယ်ကွေ့အတွင်း ပိတ်မိနေသော ရေနံတင်သင်္ဘောများ ဘေးကင်းစွာ ထွက်ခွာနိုင်ရေးအတွက် အမေရိကန်နှင့် အီရန်တို့ သဘောတူညီမှုရရှိရန် မျှော်လင့်ချက်အတက်အကျပေါ် မူတည်၍ ၇၂ ဒေါ်လာမှ ၁၀၂ ဒေါ်လာကြား ပုံမှန်အတက်အကျ ဖြစ်ပေါ်ခဲ့သည်။
“ကျွန်တော်တို့ရဲ့ အမြင်အရ အမေရိကန် ကြားဖြတ်ရွေးကောက်ပွဲအထိ စစ်ပွဲရပ်ဆိုင်းရေး အခိုင်အမာ သဘောတူညီမှု ရရှိဖို့ဆိုတာ မဖြစ်နိုင်တော့သလို အဲ့ဒီနောက်ပိုင်းအထိလည်း ရရှိဖို့ ခက်ခဲနေဦးမှာပါ” ဟု Bank of America မှ လေ့လာဆန်းစစ်သူများက စက်တင်ဘာလ ၈ ရက် (အင်္ဂါနေ့) သုတေသနအစီရင်ခံစာတွင် ဖော်ပြထားသည်။
ဟော်မုဇ် ရေလက်ကြားအတွင်း အနှောင့်အယှက်များ ပိုမိုဆက်လက်ဖြစ်ပေါ်နေသည့်အတွက် လေ့လာဆန်းစစ်သူများက နှစ်ဝက်နောက်ပိုင်း ရေနံစိမ်းစျေးနှုန်း ခန့်မှန်းချက်ကို တစ်စည်လျှင် ၈၃ ဒေါ်လာသို့ တိုးမြှင့်ခဲ့သည်။ သို့သော် ရေလက်ကြားဖြတ်သန်းသွားလာမှု ပုံမှန်အတိုင်း ပြန်လည်စတင်နိုင်မည်ဟု မျှော်လင့်ထားဆဲ ဖြစ်သည်။ သင်္ဘောသွားလာမှုများ ဆက်လက်ပိတ်ဆို့နေပါက စျေးနှုန်းသည် တစ်စည် ၉၅ ဒေါ်လာမှ ဒေါ်လာ ၁၂၀ အထိ ရောက်ရှိသွားနိုင်ပြီး အဓိက စွမ်းအင်အဆောက်အအုံများ ပျက်စီးသွားပါက ဒေါ်လာ ၁၅၀ အထိ စံချိန်တင် မြင့်တက်သွားနိုင်သည်ဟုလည်း ၎င်းတို့က ရေးသားထားသည်။
ပဋိပက္ခကို အဆုံးသတ်ရန် အမေရိကန်နှင့် အီရန်တို့အကြား အခြေခံသဘောတူညီချက်ရရှိရေး ဆွေးနွေးပွဲများသည် ဟော်မုဇ် ရေလက်ကြား ထိန်းချုပ်မှုဆိုင်ရာ အချက်ကြောင့် ပျက်ပြားသွားခဲ့သည်။ အီရန်က ယင်း၏ ကမ်းလွန်ရေလက်ကြားကို ဖြတ်သန်းသွားလာသည့် သင်္ဘောများအတွက် စည်းကမ်းချက်များ သတ်မှတ်ရန်နှင့် အခကြေးငွေ ကောက်ခံရန် အခွင့်အရေးရှိသည်ဟု အခိုင်အမာဆိုသည်။ အမေရိကန်ကမူ လွတ်လပ်စွာ သွားလာခွင့်ရရှိရေးကို လိုလားပြီး ရေတပ်ဖြင့် ပိတ်ဆို့ကာ အီရန်၏ ဆိပ်ကမ်းများနှင့် ရေနံတင်သင်္ဘောများကို ဟန့်တားထားသည်။
ယီမင်ဟူသီတို့၏ နောက်ဆက်တွဲ တိုက်ခိုက်မှုများသည် ကမ္ဘာ့ရေနံထောက်ပံ့မှုကို ပိုမိုကျုံ့သွားစေနိုင်သည်၊ အဘယ်ကြောင့်ဆိုသော် ဆော်ဒီအာရေးဗီးယားက စစ်ပွဲကာလအတွင်း ရေနံသယ်ယူရန် အားထားနေရသော အခြားရွေးချယ်စရာ ရေကြောင်းလမ်းကြောင်းများကို ပစ်မှတ်ထားတိုက်ခိုက်လာသောကြောင့် ဖြစ်သည်။
မြင့်တက်လာသော စွမ်းအင်စရိတ်များသည် ယခုနှစ်အတွင်း ကမ္ဘာတစ်ဝှမ်းရှိ စားသုံးသူများ၊ စီးပွားရေးလုပ်ငန်းများနှင့် စီးပွားရေးစနစ်များကို ဝန်ထုတ်ဝန်ပိုး ဖြစ်စေခဲ့ပြီး အမေရိကန်ပြင်ပတွင် ပိုမိုဆိုးရွားခဲ့သည်။ ရုရှားနိုင်ငံရှိ ရေနံသန့်စင်စက်ရုံများ ရပ်ဆိုင်းမှု၊ အခြားနေရာများတွင် သန့်စင်မှု လျော့ကျသွားမှုနှင့် ရေနံလက်ကျန် သိသိသာသာ လျော့ကျသွားမှုတို့ကြောင့် ဒီဇယ်နှင့် ဓာတ်ဆီစျေးနှုန်းများသည် စံချိန်တင် အမြင့်ဆုံးသို့ ရောက်ရှိရန် ဦးတည်နေကြောင်း Bank of America ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။
အမေရိကန် စားသုံးသူများအပေါ် ရိုက်ခတ်မှုသည် နိုဝင်ဘာလ ကြားဖြတ်ရွေးကောက်ပွဲ နီးကပ်လာသည်နှင့်အမျှ သမ္မတ ဒေါ်နယ်ဒ် ထရမ့်ပ် (Donald Trump) နှင့် ရီပတ်ဘလစ်ကန်ပါတီတို့အတွက် စိုးရိမ်စရာ ဖြစ်နေဆဲဖြစ်သည်။
အမေရိကန် မော်တော်ယာဉ်အသင်း (AAA) ၏ ထုတ်ပြန်ချက်အရ စက်တင်ဘာလ ၈ ရက် (အင်္ဂါနေ့) က အမေရိကန်တွင် ပုံမှန်ဓာတ်ဆီတစ်ဂါလန်လျှင် ပျမ်းမျှ ၄ ဒသမ ၁၅ ဒေါ်လာရှိပြီး လွန်ခဲ့သော တစ်နှစ်ကထက် ၂၆ ရာခိုင်နှုန်း မြင့်တက်လာခဲ့သည်။ ဒီဇယ်ဆီမှာမူ တစ်ဂါလန်လျှင် ၅ ဒသမ ၉၀ ဒေါ်လာရှိပြီး လွန်ခဲ့သော တစ်နှစ်ကထက် ၅၉ ရာခိုင်နှုန်း စျေးနှုန်းမြင့်တက်ခဲ့သည်။
ရေနံစျေးနှုန်း မြင့်တက်မှုကြောင့် ကမ္ဘာ့လေကြောင်းလိုင်းများ၏ အဓိက အသုံးစရိတ်တစ်ခုဖြစ်သည့် လေယာဉ်ဆီစရိတ်လည်း မြင့်တက်လာခဲ့သည်။ အမေရိကန်နှင့် နိုင်ငံတကာ လေကြောင်းလိုင်းများသည် ခရီးစဉ်များကို လျှော့ချခြင်း၊ လေယာဉ်လက်မှတ်ခနှင့် အပိုဆောင်းကြေးများကို တိုးမြှင့်ခြင်းတို့ဖြင့် တုံ့ပြန်ဆောင်ရွက်လျက်ရှိသည်။
Ref: AP
