၉.၉.၂၀၂၆
Written by Thiri
နေပြည်တော် ကောင်စီနယ်မြေ၊ ဇမ္ဗူသီရိမြို့နယ်၊ ဉာဏသိဒ္ဓိရပ်ကွက်ရှိ ရေငန်းဆည်အတွင်း လူတစ်ဦးရေနစ်နေကြောင်း သတင်းအရ သွားရောက်ရှာဖွေခဲ့ရာ အမျိုးသားတစ်ဦး ရုပ်အလောင်းကို စက်တင်ဘာ ၉ ရက် မွန်းလွဲပိုင်းမှာ ကူညီရှာဖွေရေးအဖွဲ့များက ပြန်လည်တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။
ဖြစ်စဉ်က စက်တင်ဘာ ၉ ရက် မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်အချိန်ခန့်မှာ ဇမ္ဗူသီရိမြို့နယ်၊ ဉာဏသိဒ္ဓိရပ်ကွက်၊ မြမြင့်မိုရ်လမ်းရှိ ရေငန်းဆည်အတွင်း အမျိုးသားတစ်ဦး ရေနစ်နေကြောင်း သက်ဆိုင်ရာကို ဆက်သွယ် အကူအညီတောင်းခံခဲ့တယ်လို့ သိရပါတယ်။
သတင်းရရှိတာနဲ့ တစ်ပြိုင်နက် ဇမ္ဗူသီရိမြို့နယ် မီးသတ်စခန်းနဲ့ ဗလသိဒ္ဓိနယ်မြေ မီးသတ်စခန်းတို့မှ မီးသတ်ယာဉ် (၂) စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင် တွေနဲ့ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းတွေချက်ချင်း သွားရောက် ဆောင်ရွက်ခဲ့ကြရာ မွန်းလွဲ ၁ နာရီ ၁၈ မိနစ် (၁၃:၁၈ နာရီ) အချိန်မှာ ရေနစ်သူ အမျိုးသားကို သေဆုံးလျက် အနေအထားနဲ့ ပြန်လည် ရှာဖွေတွေ့ရှိခဲ့တယ်လို့ သိရပါတယ်။
ရှာဖွေကယ်ဆယ်ရေးအဖွဲ့မှ အဖွဲ့ဝင်တစ်ဦးက “ရေငန်းဆယ်ဆိုတာက တောင်ကြားထဲမှာ ရှိတာ။ လျှိုကို ပိတ်ထားတဲ့ ဆည်ပါ။ အဲ့ဒီနား ရွာနီးချုပ်စပ်က လူငယ်တွေကတော့ အလည်အပတ်လာကြ၊ ရေကူးကြ လုပ်လေ့ရှိတယ်။ သေဆုံးသူကို သက်ဆိုင်ရာက စုံစမ်းစစ်ဆေးမှုတွေ ဆောင်ရွက်နေပါတယ်” လို့ MT News က ဆက်သွယ်မေးမြန်းတာကို ပြန်လည် ဖြေကြားပါတယ်။
ရှာဖွေတွေ့ရှိခဲ့တဲ့ သေဆုံးသူ အမျိုးသားရဲ့ ရုပ်အလောင်းကို စိုးမိုးသူ ပရဟိတ လူမှုကူညီရေးအသင်းယာဉ်နဲ့ ခုတင် (၁၀၀၀) ပြည်သူ့ဆေးရုံကြီးဆီ ကူညီ ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။
