သက်တံ့
၉. ၉. ၂၀၂၆
ထိုင်းနိုင်ငံရှိ မီးသီးစက်ရုံတွင် လုပ်ကိုင်နေသော မြန်မာလုပ်သားကို မျက်နှာကြက်သန့်ရှင်းရေးလုပ်ခိုင်းရာမှ ပြုတ်ကျကာ ဒဏ်ရာအပြင်းအထန်ရရှိ သေဆုံးသွားမှုဖြစ်ပွားခဲ့ကြောင်း WAG အလုပ်သမားမဟာမိတ်အဖွဲ့မှ သိရသည်။
ထိုင်းနိုင်ငံ၊ ချာချင်ဆောင်မြို့နယ်၊ ဘန်ပကွန်းတွင် ရှိသော မီးသီးစက်ရုံတစ်ခုတွင် အလုပ်လုပ်နေသော မြန်မာအလုပ်သမား (Work Permit Card) ကိုင်ဆောင်ထားသူ ကိုအောင်မျိုး အသက်(၂၆) နှစ်သည် စက်တင်ဘာ ၅ ရက် နံနက် ၈ နာရီ ၁၅ မိနစ်အချိန်တွင် လုပ်ငန်းခွင်အလုပ်ချိန်၌ မျက်နှာကြက် သန့်ရှင်းရေးလုပ်ခိုင်းသဖြင့် အပေါ်တက်၍ သန့်ရှင်းရေးလုပ်ရာမှခြေချော်ပြီးပြုတ်ကျသဖြင့် ဒဏ်ရာအပြင်းအထန်ရရှိကာ ဦးခေါင်းထဲသို့သွေးရောက်ပြီး လက်ကျိုးသွားသဖြင့် ချူလာရတ် (၁၁) ဆေးရုံသို့ပို့ဆောင်၍ဆေးကုသမှုခံယူနေရင်း စက်တင်ဘာ ၆ ရက် ညနေ ၄ နာရီခွဲအချိန်တွင် ကွယ်လွန်သွားသည်ဟု သိရသည်။
လက်ရှိတွင် ရုပ်အလောင်းအား ချူလာရတ်ဆေးရုံတွင် ထားရှိထားသည်ဟု သိရသလို သေဆုံးသူ ကိုအောင်မျိုးသည် မြန်မာနိုင်ငံ၊ မကွေးတိုင်းဒေသကြီး၊ မိချောင်းရဲမြို့နယ်၊ ဆိတ်သာကျေးရွာတွင်နေထိုင်ခဲ့ကာ အိမ်ထောင်မရှိ လူပျိုဖြစ်သည်ဟု သိရသည်။
ကိုအောင်မျိုး သေဆုံးမှုနှင့်ပတ်သက်၍ သေဆုံးသူ၏ မိသားစုဝင်များက သေမှုသေခင်းနှင့်ပတ်သက်ပြီးမည်သို့လုပ်ဆောင်ရမည်ကို နားမလည်သောကြောင့် ကူညီဆောင်ရွက်ပေးပါရန် WAG အလုပ်သမားမဟာမိတ်အဖွဲ့ထံ အကူအညီတောင်းခံလာသဖြင့် စက်တင်ဘာ ၈ ရက်တွင် အမှုလက်ခံ ကူညီဆောင်ရွက်ပေးနေကြောင်း သိရသည်။
