ပုံစာ။ မော်တော်ယာဥ်များ စုံမစနစ်ဖြင့် မောင်းနှင်ရန် သတ်မှတ်ချက်ထုတ်ပြန်သည့် မတ်လ ၇ ရက်က ရန်ကုန်မြို့မှ မော်တော်ယာဥ်များ မြင်ကွင်း (ဓာတ်ပုံ - လင်းအိမ်)
သတိုး
၉. ၉. ၂၀၂၆
မော်တော်ယာဉ်များ စုံ/မ စနစ်ဖြင့် မောင်းနှင်သုံးစွဲခြင်းအား ယနေ့မှစတင်၍ ပယ်ဖျက်လိုက်ပြီဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဒုတိယဝန်ကြီး ဒေါက်တာခိုင်ခိုင်စိုးက သတင်းကောင်းပါး ထုတ်ပြန်ပြောကြားလိုက်သည်။
“ကျွန်မတို့အနေနဲ့ လက်ရှိဖြစ်ပေါ်နေတဲ့ ကမ္ဘာ့နိုင်ငံရေးအပြောင်းအလဲတွေနဲ့ အရှေ့အလယ်ပိုင်းဒေသအတွင်း စစ်ရေးပဋိပက္ခတွေကြောင့် နိုင်ငံ့စွမ်းအင်လုံခြုံရေးနဲ့ စက်သုံးဆီချွေတာရေးအတွက် မော်တော်ယာဉ်သုံးစွဲမှုကို ၂၀၂၆ ခုနှစ် မတ်လ ၇ ရက်နေ့ကနေစပြီး ယနေ့ ၂၀၂၆ ခုနှစ် စက်တင်ဘာလ ၉ ရက်အထိ စုံမစနစ်ကို ကျင့်သုံးခဲ့ရပါတယ်။ ဒီစနစ်ကျင့်သုံးတဲ့အတွက် စွမ်းအင်ချွေတာနိုင်ပေမဲ့ ပြည်သူတွေ သွားရေးလာရေး အခက်အခဲဖြစ်နေတာကိုလည်း နားလည်ပါတယ်။ ပြည်သူတွေ ပူးပေါင်းပါဝင်ပေးတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။ လက်ရှိမှာ နိုင်ငံ့စွမ်းအင်နဲ့ ပတ်သက်ပြီး အခြေအနေတွေ တည်ငြိမ်စပြုလာပြီဖြစ်လို့ နိုင်ငံတော်အစိုးရအနေနဲ့ ပြည်သူလူထုရဲ့ အကျိုးစီးပွားကို အစဉ်ဦးထိပ်ထားပြီး လက်ရှိအသုံးပြုနေတဲ့ မော်တော်ယာဉ်များ စုံရက်၊ မရက် ခွဲခြားထားတဲ့ စနစ်ကို ပယ်ဖျက်ပေးလိုက်ပြီဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါတယ်။” ဟု ဒေါက်တာခိုင်ခိုင်စိုးက ပြောကြားသည်။
သို့သော် လက်ရှိပယ်ဖျက်မှုမှာ မော်တော်ယာဉ်များ စုံရက်၊ မရက် ထွက်ရမည့်မောင်းနှင်သုံးစွဲရက် ကန့်သတ်ချက်ကိုသာ ပယ်ဖျက်ခြင်းဖြစ်ပြီး ဆီဖြည့်ရန် QR Quota စုံမစနစ်ကို ဆက်လက်ထားရှိဦးမည်ဖြစ်ကြောင်းလည်း ဒေါက်တာခိုင်ခိုင်စိုးက ဆက်လက်ရှင်းပြသည်။
“နိုင်ငံ့စွမ်းအင်လုံခြုံရေးနဲ့ အများပြည်သူအကျိုးစီးပွားဖြစ်ထွန်းစေရေးအတွက် မော်တော်ယာဉ်ဆီဖြည့်ပေးတဲ့နေရာမှာတော့ QR Quota စုံမစနစ်ကို ဆက်လက်ထားရှိဦးမှာဖြစ်တာကြောင့် ပြည်သူတွေ ဆက်လက်ပါဝင်ပေးဖို့ မေတ္တာရပ်ခံအပ်ပါတယ်ရှင်။ ကျေးဇူးတင်ပါတယ်ရှင်”ဟု ဒေါက်တာခိုင်ခိုင်စိုးက ဆက်လက်ပြောကြားသည်။
