သက်တံ့
၉ .၉. ၂၀၂၆
အင်ဒိုနီးရှားနိုင်ငံ၏ ပေါက်ကွဲနေသော အာနက် ကရာကာတောင်း (Anak Krakatau) မီးတောင်၏ လှုပ်ရှားမှုများကို သတင်းရယူရန် သွားရောက်စဉ် သတင်းထောက် ၅ ဦး အပါအဝင် လူ ၈ ဦး လိုက်ပါလာသည့် အမြန်ရေယာဉ် ပျောက်ဆုံးသွားခဲ့သဖြင့် စက်တင်ဘာလ ၉ ရက် (ဗုဒ္ဓဟူးနေ့) တွင် ရှာဖွေရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။
အင်ဒိုနီးရှား အာဏာပိုင်များနှင့် နိုင်ငံတကာ သတင်းဖော်ပြချက်များအရ ပျောက်ဆုံးနေသူများထဲတွင် သတင်းထောက် ၅ ဦး၊ ရေယာဉ်အဖွဲ့ဝင် ၂ ဦးနှင့် လမ်းပြတစ်ဦး ပါဝင်ကြောင်း သိရသည်။
ထိုအဖွဲ့သည် စက်တင်ဘာလ ၇ ရက် (တနင်္လာနေ့) မွန်းလွဲပိုင်းက ဘန်တန် (Banten) ပြည်နယ်၊ ဂျကာတာအနီးရှိ ကာရီတာ (Carita) မြို့၊ ပဂေဒိုငန် (Pagedongan) ဆိပ်ကမ်းမှ ထွက်ခွာသွားခြင်းဖြစ်သည်။ ဂျာဗားနှင့် ဆူမားတြားကျွန်းအကြား ဆူန္ဒာ ရေလက်ကြား (Sunda Strait) တွင် တည်ရှိသော အာနက် ကရာကာတောင်း မီးတောင်သို့ ဦးတည်မောင်းနှင်စဉ် ရေယာဉ်နှင့် အဆက်အသွယ် ပြတ်တောက်သွားခဲ့ခြင်း ဖြစ်သည်။
ပျောက်ဆုံးနေသည့် သတင်းထောက်များမှာ အင်ဒိုနီးရှား နိုင်ငံပိုင် အန်တာရာ (Antara) သတင်းဌာနမှ Mr. Muhammad Bagus Khoirunnas၊ Merdeka.com မှ Mr. Arie Basuki၊ iNews မှ Mr. Yudhistira၊ တူရကီ အနာဒိုလု (Anadolu) သတင်းဌာနမှ Mr. Daus နှင့် လွတ်လပ်သော ဓာတ်ပုံသတင်းထောက် Mr. Donal Husni တို့ဖြစ်ကြောင်း အန်တာရာ သတင်းဌာနက ဖော်ပြသည်။
ရေယာဉ်ပေါ်မှ နောက်ဆုံးရရှိသော သတင်းမှာ စက်တင်ဘာလ ၇ ရက် (တနင်္လာနေ့) ညနေ ၆ နာရီ ၁၃ မိနစ်တွင် သတင်းထောက်တစ်ဦး၏ ဆွေမျိုးများထံ အာနက် ကရာကာတောင်း အနီးရှိ ရေပြင်သို့ ရောက်ရှိကြောင်း ပေးပို့ခဲ့သည့် မက်ဆေ့ဂျ်ဖြစ်သည်ဟု ဘန်တန် ပြည်နယ် ရှာဖွေရေးနှင့် ကယ်ဆယ်ရေးရုံး အကြီးအကဲ Mr. Al Amrad က ပြောကြားသည်။ ထို့နောက်ပိုင်းတွင် မည်သည့် အဆက်အသွယ်မျှ မရရှိတော့ပေ။
ရေယာဉ်၏ နောက်ဆုံးသိရှိရသည့် တည်နေရာမှာ ကမ်းခြေမှ ၁၈ ဒသမ ၅ ကီလိုမီတာခန့် အကွာတွင် ဖြစ်သည်။ စက်တင်ဘာလ ၈ ရက် (အင်္ဂါနေ့) တွင် အဖွဲ့ ပျောက်ဆုံးနေကြောင်း သတင်းရရှိပြီးနောက် အင်ဒိုနီးရှား ကယ်ဆယ်ရေးအဖွဲ့များက ရှာဖွေရေး စတင်ခဲ့သော်လည်း လှိုင်းကြီးခြင်းနှင့် မြင်ကွင်း မရှင်းလင်းခြင်းတို့ကြောင့် ခေတ္တရပ်နားခဲ့ရကာ စက်တင်ဘာလ ၉ ရက် (ဗုဒ္ဓဟူးနေ့) တွင် ရှာဖွေရေးဧရိယာကို တိုးချဲ့၍ ပြန်လည်စတင်ခဲ့သည်။ ရဲတပ်ဖွဲ့၊ စစ်ဘက်ဆိုင်ရာ ပုဂ္ဂိုလ်များ၊ တံငါသည်များနှင့် စေတနာ့ဝန်ထမ်းများ အပါအဝင် လူပေါင်း ဒဇင်ပေါင်းများစွာ ပါဝင်ကူညီလျက်ရှိသည်။
ရှာဖွေရေးနှင့် ကယ်ဆယ်ရေး အေဂျင်စီသည် အရှိန်ပြင်း ရေယာဉ်များ၊ လေထိုးရော်ဘာလှေများနှင့် အပူလှိုင်းပြ ဒရုန်း (Thermal Drones) များကို အသုံးပြု၍ ရှာဖွေရေး လုပ်ဆောင်နေသည်။ သို့သော် စက်တင်ဘာလ ၉ ရက်အထိ ပျောက်ဆုံးနေသူ ၈ ဦးအနက် မည်သူ့ကိုမျှ မတွေ့ရှိရသေးဘဲ အဆက်အသွယ် ရရှိကြောင်းလည်း သတင်းထုတ်ပြန်နိုင်ခြင်း မရှိသေးပေ။
သတင်းထောက်များသည် ပြီးခဲ့သည့် သီတင်းပတ်ကုန်ပိုင်းမှစ၍ စတင်ပေါက်ကွဲနေပြီး အင်ဒိုနီးရှားနိုင်ငံတစ်ဝှမ်း လေကြောင်းခရီးစဉ်များကို အနှောင့်အယှက်ဖြစ်စေခဲ့သော အာနက် ကရာကာတောင်း မီးတောင်၏ ပေါက်ကွဲမှုကို သတင်းမှတ်တမ်းတင်ရန် သွားရောက်ကြခြင်းဖြစ်သည်။
မီးတောင်၏ ပထမအကြိမ် ပေါက်ကွဲမှုသည် စက်တင်ဘာလ ၆ ရက် (တနင်္ဂနွေနေ့) တွင် ပြီးဆုံးခဲ့သော်လည်း နောက်ဆက်တွဲ ပေါက်ကွဲမှုများကြောင့် မီးတောင်ခေါင်းမှ ချော်ရည်များ၊ မီးတောင်ပြာများနှင့် မီးစများ ထွက်ရှိနေခဲ့သည်။ စက်တင်ဘာလ ၈ ရက် (အင်္ဂါနေ့) တွင် မီးတောင်သည် သုံးကြိမ်တိုင်တိုင် ပေါက်ကွဲခဲ့ကြောင်း အင်ဒိုနီးရှား မီးတောင်စောင့်ကြည့်ရေး အေဂျင်စီက ပြောကြားသည်။ မီးတောင်ပြာများသည် ဂျကာတာ၏ ဆူကာနို-ဟတ်တာ အပြည်ပြည်ဆိုင်ရာ လေဆိပ်အပါအဝင် လေဆိပ်အတော်များများကို ထိခိုက်ခဲ့သော်လည်း အခြေအနေ ပြန်လည်ကောင်းမွန်လာသဖြင့် ပိတ်ထားခဲ့ရသည့် လေဆိပ်များကို ပြန်လည်ဖွင့်လှစ်ခဲ့သည်။ မီးတောင်ပြာ ထွက်ရှိမှုကြောင့် ခရီးသွား ၃၄၀,၀၀၀ ကျော် ထိခိုက်ခဲ့ရပြီး မီးတောင်ပြာမှုတ်ထုတ်သည့် အမြင့်နှင့် လေကြောင်းလိုင်းများပေါ်မူတည်၍ နောက်ထပ် ပေါက်ကွဲမှုများသည် လေကြောင်းခရီးစဉ်များကို ဆက်လက်အနှောင့်အယှက် ပေးနိုင်သေးကြောင်း သိရသည်။
“ကရာကာတောင်း၏ ရင်သွေး” ဟု အဓိပ္ပာယ်ရသည့် အာနက် ကရာကာတောင်း (Anak Krakatau) သည် ၁၈၈၃ ခုနှစ်က လူပေါင်း ၃၆,၀၀၀ ကျော် သေဆုံးခဲ့ရသည့် ပြင်းထန်သော မီးတောင်ပေါက်ကွဲမှုကြီးကြောင့် ပျက်စီးသွားခဲ့သည့် ကရာကာတောင်း မီးတောင်ဟောင်း တည်ရှိရာနေရာမှ ပြန်လည်ဖြစ်ပေါ်လာခြင်းဖြစ်သည်။ ၂၀၁၈ ခုနှစ်ကလည်း အာနက် ကရာကာတောင်း ပေါက်ကွဲမှုကြောင့် ဆူနာမီလှိုင်းများ ဖြစ်ပေါ်ခဲ့ပြီး လူပေါင်း ၄၀၀ ထက်မနည်း သေဆုံးခဲ့သည်။
မီးတောင်လှုပ်ရှားမှုများ ဆက်လက်ရှိနေသည့်အတွက် အင်ဒိုနီးရှား အာဏာပိုင်များက အာနက် ကရာကာတောင်း ပတ်လည် ၃ ကီလိုမီတာအတွင်း မဝင်ရောက်ရန် ပိတ်ပင်ထားဆဲဖြစ်သည်။
ယခုအချိန်တွင် ကယ်ဆယ်ရေးအဖွဲ့များသည် ပျောက်ဆုံးနေသည့် သတင်းထောက်အဖွဲ့ကို ဆက်လက်ရှာဖွေရင်း ရှာဖွေရေးဧရိယာကို ပိုမိုတိုးချဲ့ထားသည်။
Ref: Khaosod
