သက်တံ့
၉. ၉. ၂၀၂၆
မြန်မာနိုင်ငံတွင် အွန်လိုင်းလိမ်လည်မှုများ၌ ပါဝင်ပတ်သက်သည်ဟု သံသယရှိသဖြင့် ထိုင်ဝမ်ဒေသခံ သုံးဦး ဖမ်းဆီးခံရပြီး တရားစွဲဆိုခံထားရကြောင်း သတင်းအချက်အလက် ရရှိထားသည်ဟု ထိုင်ဝမ် (တရုတ်တိုင်ပေ) နိုင်ငံခြားရေးဝန်ကြီးဌာန (MOFA) က မနေ့က ပြောကြားခဲ့သည်။
ဆက်သွယ်ရေးကွန်ရက်မှတစ်ဆင့် လိမ်လည်မှုများကို နှိမ်နင်းသည့် ကြိုးပမ်းချက်များ၏ အစိတ်အပိုင်းအဖြစ် မြန်မာနိုင်ငံသည် အွန်လိုင်းလိမ်လည်မှု တိုက်ဖျက်ရေးဥပဒေ (Anti-Online Scam Law) ကို ဇူလိုင်လ ၃၁ ရက်တွင် ပြဋ္ဌာန်းခဲ့ကြောင်း၊ ထိုဥပဒေသည် အွန်လိုင်းလိမ်လည်သူများ၊ လိမ်လည်သည့် စခန်းများအတွင်း ပြင်းထန်စွာ နှိပ်စက်ညှဉ်းပန်းသူများနှင့် ခရစ်ပတိုကာရင်စီ (Cryptocurrency) ဆိုင်ရာ ပြစ်မှုကျူးလွန်သူများကို ပြင်းထန်သော ပြစ်ဒဏ်များ ချမှတ်နိုင်သည့် အဓိကဥပဒေပြုချက်ဖြစ်ကြောင်း MOFA ပြောရေး ဆိုခွင့်ရှိသူ Mr. Hsiao Kuang-wei က ပြောကြားသည်။
“ဒီဥပဒေဟာ နိုင်ငံခြားသား ပြစ်မှုကျူးလွန်သူတွေနဲ့လည်း သက်ဆိုင်ပြီး လိုက်နာရန် ပျက်ကွက်သူတွေအနေနဲ့ သေဒဏ်အထိ ကျခံရနိုင်ခြေ ရှိပါတယ်” ဟု ၎င်းက ပြောသည်။
ဆက်သွယ်ရေးလိမ်လည်မှုများတွင် ပါဝင်ပတ်သက်သူများသည် လူဝင်မှုကြီးကြပ်ရေး ဥပဒေများအောက်တွင် ပေါ့ပါးသော ပြစ်ဒဏ်များဖြင့် တရားစွဲဆိုခံရခြင်း သို့မဟုတ် ပြည်နှင်ဒဏ်ပေးရုံမျှ မဟုတ်ဘဲ ပြင်းထန်သော ပြစ်မှုဆိုင်ရာ တာဝန်ရှိမှုကို ရင်ဆိုင်ရမည်ဟု ဥပဒေတွင် ဖော်ပြထားကြောင်း Mr. Hsiao က ပြောကြားခဲ့သည်။
ထို့ပြင် ထိုင်းနိုင်ငံသည်လည်း သြဂုတ်လ ၂၈ ရက်တွင် စတင်အာဏာတည်ခဲ့သော ဝန်ကြီးချုပ်ရုံး၏ ပြည်နှင်ဒဏ်ပေးခြင်းဆိုင်ရာ နည်းဥပဒေများကဲ့သို့သော ဝင်ရောက်မှု၊ ထွက်ခွာမှုနှင့် လူဝင်မှုကြီးကြပ်ရေး ထိန်းချုပ်မှုများကို ပိုမိုတင်းကြပ်စွာ ပြဋ္ဌာန်းထားကြောင်း ၎င်းက ဆိုသည်။
ထိုနည်းဥပဒေများအရ ထောင်ဒဏ် ၅ နှစ် သို့မဟုတ် ထို့ထက်ပို၍ ကျခံရနိုင်သော ပြစ်မှုများဖြင့် ပြစ်ဒဏ်ကျခံရသည့် နိုင်ငံခြားသားများ၊ သို့မဟုတ် တရားမဝင် ဝင်ရောက်မှု၊ ဗီဇာသက်တမ်းလွန် နေထိုင်မှု၊ လုပ်ကိုင်ခွင့်ပါမစ်မရှိဘဲ အလုပ်လုပ်ကိုင်မှု၊ တရားမဝင် စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်မှု သို့မဟုတ် အစိုးရစာရွက်စာတမ်းများ အတုပြုလုပ်မှုများဖြင့် ပြစ်ဒဏ်ကျခံရသူများကို ထောင်ဒဏ်စေ့လွတ်ပါက ပြည်နှင်ဒဏ်ပေးမည်ဖြစ်ပြီး ပြန်လည်ဝင်ရောက်ခွင့်ကိုလည်း ပိတ်ပင်နိုင်ကြောင်း ၎င်းက ပြောသည်။
ထိုင်းနိုင်ငံသည် ထိုင်ဝမ်အပါအဝင် နိုင်ငံပေါင်း ၆၀ မှ နိုင်ငံသားများအတွက် ဗီဇာကင်းလွတ်ခွင့်ဖြင့် ခရီးသွားလာခွင့်ကို ရက်ပေါင်း ၆၀ မှ ရက် ၃၀ သို့ လျှော့ချမည်ဟု လွန်ခဲ့သည့်သီတင်းပတ်က ကြေညာခဲ့ကြောင်းနှင့် ထိုပြောင်းလဲမှုသည် လာမည့်သီတင်းပတ် အင်္ဂါနေ့တွင် စတင်အာဏာတည်မည်ဖြစ်ကြောင်း Mr. Hsiao က ပြောကြားခဲ့သည်။
ထိုင်ဝမ် (တရုတ်တိုင်ပေ) နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် ထိုင်းနိုင်ငံသို့ သွားရောက်မည့် ထိုင်ဝမ်ဒေသခံများအား မထွက်ခွာမီ နောက်ဆုံးထွက်ရှိထားသော ဝင်ရောက်ခွင့် နည်းဥပဒေများကို လေ့လာထားကြရန်နှင့် ဗီဇာကင်းလွတ်ခွင့် အခွင့်အရေးကို အလွဲသုံးစားပြု၍ တရားမဝင် လုပ်ငန်းများတွင် ပါဝင်ခြင်း မပြုကြရန် သတိပေးထားသည်။ ခရီးသွားလာရေးဆိုင်ရာ အကြံပြုချက်များကို သံတမန်ရေးရာဗျူရို၏ ဝဘ်ဆိုက်တွင် အသစ်ပြင်ဆင်ဖော်ပြထားကြောင်းလည်း ၎င်းက ဆက်လက်ပြောကြားသည်။
ပြည်ပရောက် ဆက်သွယ်ရေးလိမ်လည်မှုများကို တိုက်ဖျက်ခြင်းသည် ဒေသတွင်း ဘုံသဘောတူညီချက်တစ်ခု ဖြစ်လာသည်နှင့်အမျှ အရှေ့တောင်အာရှ နိုင်ငံအချို့သည် နယ်စပ်ဖြတ်ကျော် ပြစ်မှုများကို နှိမ်နင်းရန် ကြိုးပမ်းမှုများကို တိုးမြှင့်ဆောင်ရွက်လာကြကြောင်း ၎င်းက ဆိုသည်။
ပြည်ပတွင် တရားမဝင် လုပ်ငန်းများ လုပ်ကိုင်ရန် လုပ်ခလစာ မြင့်မားစွာပေးမည်ဟူသော ကတိကဝတ်များ၊ အခမဲ့ လေယာဉ်လက်မှတ် သို့မဟုတ် အခမဲ့ တည်းခိုခွင့် ပေးမည်ဆိုသည်များကို မယုံကြည်ကြရန်နှင့် ထိုသို့ ပြုလုပ်ပါက တရားဥပဒေအရ အရေးယူခံရနိုင်ကြောင်း ဝန်ကြီးဌာနက တိုက်တွန်းထားသည်ဟု Mr. Hsiao က ပြောသည်။
“ထိုင်ဝမ်လူမျိုးတွေအနေနဲ့ သူတို့သွားရောက်တဲ့ မည်သည့်နိုင်ငံမဆိုရဲ့ ဒေသတွင်းဥပဒေများကို လိုက်နာဖို့ တာဝန်ရှိပါတယ်” ဟု ၎င်းက ပြောသည်။
ထို့အပြင် ထိုင်ဝမ်အနေဖြင့် နိုင်ငံအများအပြားနှင့် ရရှိထားသော အခက်အခဲပေါင်းများစွာဖြင့် ရယူထားရသည့် ဗီဇာကင်းလွတ်ခွင့် ရပိုင်ခွင့်ကို တန်ဖိုးထားကြရန်နှင့် နိုင်ငံ၏ နိုင်ငံတကာ ဂုဏ်သိက္ခာကို ထိန်းသိမ်းကြရန် ပြည်သူများကို တိုက်တွန်းထားသည်။
Ref: Taipei News
