၉.၉.၂၀၂၆
Written by KL
ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်၊ ၁၅၅လမ်းထိပ်တွင် အသက် ၁၄ နှစ်အရွယ် ကလေးငယ်တစ်ဦး ရေစီးဖြင့် မျောပါကာပျောက်ဆုံးနေမှုမှာ သုံးရက်အကြာ စက်တင်ဘာလ ၉ ရက်နေ့ မွန်းလွဲပိုင်းအထိ အလောင်းပြန်မတွေ့သေးကြောင်း အနီးဝန်းကျင်နေသူများထံမှ သိရသည်။
စက်တင်ဘာလ ၇ ရက် ညနေပိုင်းက မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးရေလျှံဖြစ်နေချိန် ၁၅၄ လမ်းရေမြောင်းတွင် သူငယ်ချင်းများနှင့်အတူ ရေကစားရာမှ အသက် ၁၄ နှစ်အရွယ် မောင်ဖိုးသား(ခ) မောင်မင်းခန့်ကျော်က ရေစီးဖြင့် မျောပါပျောက်ဆုံးခဲ့ကြောင်း သိရသည်။
“သားလေး တစ်ယောက်တည်း ရှိတာပါ၊ ငွေကြေး အခက်အခဲ ရှိလို့ သားလေးကို ကျောင်းဆက်မထားနိုင်ဘူး။ ကျွန်မ အလုပ်သွားနေချိန်မှာ ဖြစ်သွားတာပါ”ဟု မိခင်ဖြစ်သူက ပြောသည်။
ရေနစ်ပျောက်ဆုံးနေသော ကလေးငယ်ကို စက်တင်ဘာလ ၇ ရက် ညနေပိုင်းက မျောသွားသည့် မြောင်းတစ်လျှောက်နှင့် တာမွေမြို့နယ်၊ နတ်ချောင်းဘက်အထိ သွားရောက်ရှာဖွေခဲ့သော်လည်း မတွေ့ရှိခဲ့ရာ ဆက်လက်ရှာဖွေနေသော်လည်း ယနေ့ စက်တင်ဘာလ ၉ ရက် မွန်းလွဲပိုင်းအထိ မတွေ့သေးကြောင်း သိရသည်။
စက်တင်ဘာလ ၇ ရက်နေ့ ညနေပိုင်းက မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တာမွေမြို့နယ်၊ ရွှေဂုံတိုင်လမ်း၊ တာမွေအိုးရှင်းစင်တာရှေ့တွင် ခါးအထိနစ်မြုပ်သော ရေကြီးရေလျှံမှုကြောင့် ယာဥ်ကြောပိတ်ဆို့မှုများလည်း ဖြစ်ပေါ်ခဲ့သည်။
