၉.၉.၂၀၂၆
Written By Min Thet
မန္တလေးတွင် နှစ်ချို့သစ်ပင်ကြီး ရုတ်တရက်လဲကျပြီး ကားရှေ့ခန်းနှင့်ယာဉ်မောင်းပေါ်ပိမိနေ၍ အရေးပေါ် ကယ်ဆယ်နေကြရကြောင်း သိရသည်။
ယနေ့ စက်တင်ဘာလ ၉ ရက်နံနက် ၉ နာရီကျော် အချိန်ခန့်က အောင်နန်းရိပ်သာအနောက်ရပ်ကွက်၊ ၃၄ လမ်း၊ ၈၅ လမ်းနှင့် ၈၆ လမ်းကြားရှိ သက်တမ်းရင့် နှစ်ချို့သစ်ပင်ကြီး ရုတ်တရက်လဲကျခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယင်းသစ်ပင်မှာ မော်တော်ကားတစ်စီးပေါ်သို့ ပိမိသောကြောင့် ကားရှေ့ခန်းအတွင်းမှ လူကိုပါ ပိမိသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ကားကလိုက်ထရပ်ကား။ ကားခေါင်းခန်းမှာ လူရှိတယ်။ အခုထိ ပိမိတဲ့လူက အသက်ရှင်နေသေးတယ်။ အခုထိတော့ ကယ်ဆယ်ရေးလုပ်နေကြဆဲပဲ”ဟု ဒေသခံတစ်ဦးက MT News ကို နံနက် ၁၀ နာရီခန့် ကယ်ဆယ်ရေးလုပ်နေကြချိန် ပြောပြသည်။
အဆိုပါဖြစ်စဉ်နေရာတွင် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဝင်များနှင့် လူမှုကယ်ဆယ်ရေးအဖွဲ့များ ပူးပေါင်း၍ကယ်ဆယ်ရေးလုပ်ငန်းများကို
လုပ်ဆောင်နေကြခြင်းဖြစ်ကြောင်း သိရသည်။
