သက်တံ့
၉. ၉. ၂၀၂၆
ယနေ့ စက်တင်ဘာလ ၉ ရက် နံနက်ပိုင်းက ထိုင်းနိုင်ငံ၊ ချွန်ဘူရီ (Chon Buri) မြို့ရှိ မူကြိုကျောင်းတစ်ကျောင်းအတွင်း ကျောင်းဆရာမတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရသော်လည်း ကျောင်းသား/သူ ၄၄ ဦးလုံး ဘေးကင်းစွာ ရွှေ့ပြောင်းနိုင်ခဲ့ကြောင်း သိရသည်။
ဘန်လာမောင်း (Bang Lamung) ရဲစခန်းသည် နောင်ပလာလိုင် (Nong Pla Lai) မြို့နယ်စည်ပင်သာယာရေး မူကြိုကျောင်းတွင် သေနတ်ပစ်ခတ်မှုဖြစ်ပွားကြောင်း နံနက် ၁၁ နာရီခန့်တွင် သတင်းရရှိခဲ့ခြင်းဖြစ်သည်။ ရဲတပ်ဖွဲ့၊ စဝမ်ဘိုရီဘွန်း (Sawang Boriboon) ကယ်ဆယ်ရေးအဖွဲ့ဝင်များနှင့် အရေးပေါ်ကူညီရေးအဖွဲ့များ ကျောင်းသို့ ချက်ချင်းသွားရောက်ကာ အခင်းဖြစ်ပွားရာနေရာကို ထိန်းချုပ်ခဲ့ကြသည်။ ချွန်ဘူရီခရိုင် အုပ်ချုပ်ရေးမှူး နာရစ် နီရာမိုင်ဝေါင်း (Naris Niramaiwong) ကိုယ်တိုင်လည်း အခင်းဖြစ်ပွားရာသို့ သွားရောက်ခဲ့သည်။
ထို့နောက် ကျောင်းသား ၄၄ ဦးလုံးကို ကျောင်းရှေ့ရှိ ဘေးကင်းသောနေရာသို့ ရွှေ့ပြောင်းပေးခဲ့သည်။ သေနတ်သံကြောင့် ကလေးငယ်အချို့ ထိတ်လန့်သွားခဲ့သော်လည်း ထိခိုက်ဒဏ်ရာရသူ မရှိပေ။ ထို့အတူ မိဘများကို ဆက်သွယ်ခဲ့ပြီးနောက် ကလေးငယ်များကို လာရောက်ခေါ်ဆောင်ခဲ့ကြကာ ကျောင်းကိုလည်း ပိတ်လိုက်ပြီဖြစ်သည်။
ကျောင်းထမင်းစားဆောင်၏ မြေညီထပ်တွင်မူ အသက် ၄၈ နှစ်အရွယ် ကျောင်းဆရာမဖြစ်သူ ပိုင်လင်း (Pailin) ၏ ရုပ်အလောင်းကို ဘယ်ဘက်နားရွက်အနီး သေနတ်ဒဏ်ရာဖြင့် တွေ့ရှိခဲ့သည်။ အနီးအနားတွင် ၉ မီလီမီတာ ကျည်ခွံတစ်ခုတွေ့ရှိ၍ သက်သေအဖြစ် သိမ်းဆည်းထားသည်။
အသက် ၅၇ နှစ်အရွယ် အခင်းဖြစ်ပွားမှုကို မြင်တွေ့ခဲ့သူ ဆွမ်ယို့ (Somyot) က Honda အဖြူရောင်ကားဖြင့် အမျိုးသားတစ်ဦး ရောက်ရှိလာပြီး ပိုင်လင်းထံ လမ်းလျှောက်သွားကာ စကားပြောခဲ့သည်ဟု ပြောကြားသည်။ ထို့နောက် သေနတ်သံတစ်ချက် ကြားခဲ့ရသည်။ ဖြစ်စဉ်မှာ လျှင်မြန်စွာ ဖြစ်ပျက်သွားခဲ့သဖြင့် အနီးရှိလူများ ပုန်းအောင်းခဲ့ကြရပြီး ထိုအမျိုးသားသည် အဖြူရောင်ကားပေါ် ပြန်တက်ကာ မောင်းနှင်ထွက်ပြေးသွားခဲ့သည်။
သေနတ်ပစ်ခတ်သူဟု သံသယရှိသူမှာ ပိုင်လင်း၏ ခင်ပွန်းဖြစ်သူနှင့် လက်ရှိတာဝန်ထမ်းဆောင်နေသော ရဲအရာရှိ ဒုတိယရဲအုပ် သတ်ဆာဖုန်း သောင်သတ် ဖြစ်နိုင်ကြောင်း ရဲတပ်ဖွဲ့က သတင်းအချက်အလက် ရရှိခဲ့သည်။
ကျောင်းမှ ထွက်ခွာသွားပြီးနောက် ၎င်းသည် နေအိမ်သို့ ကားမောင်းပြန်သွားကြောင်း သတင်းရရှိသဖြင့် ရဲတပ်ဖွဲ့က အိမ်သို့ လိုက်လံပိတ်ဆို့ကာ သတင်းထုတ်ပြန်ချိန်အထိ လက်နက်ချရန် ညှိနှိုင်းနေဆဲဖြစ်သည်ဟု Amarin TV က ဖော်ပြသည်။
ပစ်ခတ်မှုဖြစ်ပွားရသည့် အကြောင်းအရင်းကို မသိရသေးပေ။ လက်ရှိတွင် ရဲတပ်ဖွဲ့က တရားခံကို ဖမ်းဆီးရန်ကြိုးပမ်းခြင်း၊ သက်သေအထောက်အထားများ စုဆောင်းခြင်းနှင့် မျက်မြင်သက်သေများကို စစ်ဆေးမေးမြန်းခြင်းများ ဆက်လက်လုပ်ဆောင်လျက်ရှိသည်။
Ref: Thaiger
