MT News
၉. ၉. ၂၀၂၆
မြန်မာ့တပ်မတော်အပေါ် တစ်ဖက်သတ် စွပ်စွဲချက်များ၊ အတည်မပြုနိုင်သည့် ဆန့်ကျင်ဘက်အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များထံမှ ရရှိသည့် သတင်းများနှင့် ကိန်းဂဏန်း ဖောင်းပွမှုများအပေါ် အခြေခံရေးသားထားသော IIMM ၏ စွပ်စွဲချက် အစီရင်ခံစာများနှင့် ထုတ်ပြန်ချက်များအားလုံး ပြင်းထန်စွာကန့်ကွက်ပယ်ချကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ယနေ့ အသိပေးထုတ်ပြန်သည်။
ဂျီနီဗာမြို့တွင် ၇-၉-၂၀၂၆ ရက်မှ ၉-၁၀-၂၀၂၆ ရက်အထိ ကျင်းပပြုလုပ်လျက်ရှိသည့် လူ့အခွင့်အရေးကောင်စီ၏ (၆၃) ကြိမ်မြောက်အစည်းအဝေးကာလအတွင်း ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး၏ အစီရင်ခံစာနှင့် မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်း စစ်ဆေးရေးယန္တရား (IIMM) ဆိုသည့်အဖွဲ့၏ အစီရင်ခံစာတို့အပေါ် ပေါင်းစပ်အပြန်အလှန် ဆွေးနွေးမှုကို စက်တင်ဘာလ ၇ ရက်တွင် ပြုလုပ်ခဲ့သည်။
မြန်မာနိုင်ငံသည် IIMM ဆိုသည့် ယန္တရားကို စတင်ထူထောင်သည့်အချိန်ကတည်းက ယနေ့ အထိ အသိအမှတ်ပြုခြင်းမရှိပါ။ အဆိုပါယန္တရားကိုယ်တိုင်သည်ပင်လည်း ဥပဒေကြောင်း ရှုထောင့် (Legal Grounds) အရ အားနည်းချက်များစွာရှိပြီး နိုင်ငံတစ်နိုင်ငံအပေါ် နိုင်ငံရေးအရ ဖိအားပေးလိုသည့် (Politically Motivated) ရည်ရွယ်ချက်ဖြင့် ထူထောင်ထားခြင်းဖြစ်ကြောင်း တွေ့ရှိရသည်။
IIMM သည် ၂၀၁၈ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့သည့် နိုင်ငံတကာလွတ်လပ်သော အချက်အလက်ရှာဖွေရေးအဖွဲ့ (FFM) ဆိုသည့်အဖွဲ့မှ အစပြုခဲ့ခြင်းဖြစ်သည်။ FFM ဆိုသည်မှာ မြန်မာနိုင်ငံ၏ သဘောတူညီချက် (Country Consent) မပါဘဲ OHCHR က တစ်ဖက်သတ်ဆုံးဖြတ်ချက်ဖြင့် ထူထောင်ခဲ့သည့် အဖွဲ့အစည်းဖြစ်သည်။ ယင်းနောက် FFM ၏ တွေ့ရှိချက်များအပေါ် မူတည်ပြီး သက်သေအထောက်အထားများကို ထိန်းသိမ်းထားနိုင်မည့် ပိုမိုခိုင်မာသော ယန္တရား လိုအပ်သည်ဟု အကြောင်းပြုလျက် (၃၉) ကြိမ်မြောက် လူ့အခွင့်အရေးကောင်စီ၏ ဆုံးဖြတ်ချက် ၃၉/၂ အရ ၂၀၁၈ ခုနှစ်တွင် IIMM ကို ထူထောင်ခဲ့ခြင်းဖြစ်သည်။
လူ့အခွင့်အရေးကောင်စီသည် ကုလသမဂ္ဂအထွေထွေညီလာခံ (General Assembly) ၏ ဆုံးဖြတ်ချက်အမှတ် A/RES/60/251 ဖြင့် တည်ထောင်ခဲ့သည့် ကုလသမဂ္ဂ၏ လက်အောက်ခံ အဖွဲ့အစည်း (subsidiary organ) ဖြစ်သည်။ အဆိုပါလူ့အခွင့်အရေးကောင်စီ၏ လုပ်ပိုင်ခွင့်မှာ သတ်မှတ်ကာလအတွင်း ချမှတ်ခဲ့သော ဆုံးဖြတ်ချက်များကို စုစည်းဖော်ပြထားသည့် အစီရင်ခံစာနှင့် လူ့အခွင့်အရေးနယ်ပယ်ရှိ အပြည်ပြည်ဆိုင်ရာဥပဒေများ ပိုမိုဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အကြံပြုချက်များကို အထွေထွေညီလာခံသို့ တင်ပြရန်သာဖြစ်သည်။ ၎င်းအား နိုင်ငံတစ်နိုင်ငံအပေါ် ဥပဒေရေးရာ၊ တရားစီရင်ရေးဆိုင်ရာ (သို့မဟုတ်) စုံစမ်းစစ်ဆေးရေးယန္တရားတစ်ရပ်ရပ်ကို ဖွဲ့စည်းရန် တရားဝင်လုပ်ပိုင်ခွင့် အပ်နှင်းထားခြင်းမရှိပါ။ ထို့ကြောင့် လူ့အခွင့်အရေးကောင်စီ၏ ဆုံးဖြတ်ချက် ၃၉/၂ ၏ IIMM တည်ထောင်ရန် ဆုံးဖြတ်ချက်သည် UN Charter ကိုသော်လည်းကောင်း၊ လူ့အခွင့်အရေးကောင်စီ ထူထောင်သည့် ကုလသမဂ္ဂအထွေထွေညီလာခံ၏ ဆုံးဖြတ်ချက် A/RES/60/ 251 ကိုလည်းကောင်း ပြောင်ပြောင်တင်းတင်း ချိုးဖောက်ခြင်းဖြစ်သည်။
IIMM သည် နိုင်ငံတစ်နိုင်ငံအပေါ် ပစ်မှတ်ထားပြီး တစ်ဖက်သတ်ဆန်သော နိုင်ငံရေးအရ သွတ်သွင်းဆောင်ရွက်သည့် လူ့အခွင့်အရေးကောင်စီ ဆုံးဖြတ်ချက်အဆိုများ၏ နောက်ဆက်တွဲ ရလဒ်တစ်ရပ်သာ ဖြစ်သည်။ IIMM အနေဖြင့် နိုင်ငံတစ်နိုင်ငံ (သို့မဟုတ်) ဒေသအုပ်စုတစ်စု၏ နိုင်ငံရေးအရ အသုံးချခံလက်ကိုင်တုတ်တစ်ခုအဖြစ် ဆောင်ရွက်နေခြင်းဖြစ်သည်။
တစ်ဖက်တွင်လည်း IIMM ယန္တရား၏ သက်တမ်းနှင့်ပတ်သက်၍ ရှင်းလင်းသော ပြဋ္ဌာန်းချက် မပါရှိခြင်းနှင့် လုပ်ငန်းတာဝန်နှင့် လုပ်ငန်းဆိုင်ရာ သတ်မှတ်ချက်များ (Term of Reference-TOR) တွင် IMM အနေဖြင့် ကုလသမဂ္ဂ၏ အရင်းအမြစ်များနှင့် အလှူရှင်နိုင်ငံများထံမှ ရန်ပုံငွေများကို ၎င်း၏ဆုံးဖြတ်ချက်ဖြင့် လက်ခံရယူနိုင်သည်ဟု ဖော်ပြထားခြင်းတို့သည် ဘတ်ဂျက် အလွဲသုံးမှုကို ဖြစ်ပေါ်စေနိုင်သကဲ့သို့ ရန်ပုံငွေစီမံခန့်ခွဲမှုဆိုင်ရာ ပွင့်လင်းမြင်သာမှု ကင်းမဲ့လျက်ရှိကြောင်း တွေ့ရှိရသည်။
ထို့အပြင် IIMM ဆိုသည့် ယန္တရား၏ နှစ်စဉ်အစီရင်ခံစာဖြစ်သည့် A/HRC/63/19 သည် ယခင်နှစ်များနည်းတူ မြန်မာ့တပ်မတော်အပေါ် တစ်ဖက်သတ် စွပ်စွဲချက်များ၊ အတည်မပြုနိုင်သည့် ဆန့်ကျင်ဘက်အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များထံမှ ရရှိသည့် သတင်းများနှင့် ကိန်းဂဏန်း ဖောင်းပွမှုများအပေါ် အခြေခံရေးသားထားကြောင်း တွေ့ရသည်။ မြန်မာနိုင်ငံ၏ အခြေအနေနှင့် ပတ်သက်၍ ယခုကဲ့သို့ လွဲမှားစွာဖော်ပြချက်များသည် အကြမ်းဖက်မှုကို အားပေးကူညီခြင်း၊ အကြမ်းဖက်မှုနှင့် မတည်ငြိမ်မှုများကို ဖြစ်ပွားစေခြင်းတို့အပြင် နိုင်ငံအတွင်း ပြည်တွင်းငြိမ်းချမ်း ရေးနှင့် တည်ငြိမ်ရေးကို ထိန်းသိမ်းရန် အစိုးရ၏ ကြိုးပမ်းအားထုတ်မှုများကိုပါ အဟန့်အတား ဖြစ်စေနိုင်သည်။
၎င်းတို့စွပ်စွဲထားသည့် လေကြောင်းတိုက်ခိုက်မှုများနှင့် စစ်ဆင်ရေးများသည် လက်နက်ကိုင် သောင်းကျန်းသူများက မြို့၊ ရွာများကို အကြမ်းဖက်တိုက်ခိုက်သိမ်းပိုက်မှုများကြောင့် တပ်မတော်အနေဖြင့် နိုင်ငံတော်ကာကွယ်ရေးနှင့် ပြည်သူ့အသက်အိုးအိမ် ကာကွယ်ရေးတို့အတွက် ထိတွေ့ တိုက်ခိုက်မှုစည်းမျဉ်း (Rules of Engagement-RoE) နှင့်အညီ စစ်ရေးပစ်မှတ်များကိုသာ ပြန်လည် တုံ့ပြန်ဆောင်ရွက်ခြင်းဖြစ်ပြီး တပ်မတော်အနေဖြင့် အပြစ်မဲ့ပြည်သူများ ထိခိုက်မှု မရှိစေရေး အထူးထိန်းသိမ်းဆောင်ရွက်လျက်ရှိသည်။
သို့ပါ၍ မြန်မာနိုင်ငံအနေဖြင့် IIMM ဆိုသည့် အဖွဲ့၏လုပ်ပိုင်ခွင့်အာဏာနှင့် လူ့အခွင့်အရေးကောင်စီသို့ တင်သွင်းခဲ့သည့် ၎င်း၏ အဋ္ဌမအကြိမ် နှစ်ပတ်လည်အစီရင်ခံစာအပါအဝင် ထုတ်ပြန်မှု/ဖော်ပြချက်အားလုံးအပေါ် ပြင်းထန်စွာ ကန့်ကွက်ပယ်ချကြောင်း ထပ်လောင်း အတည်ပြုသည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာန၏ ကြေညာချက်တွင် ဖော်ပြထားသည်။


