၉.၉.၂၀၂၆
Translated by Htwe Ko Tun
ဗြိတိန် (ယူနိုက်တက်ကင်းဒမ်း) နိုင်ငံတွင် လေကြောင်းအသွားအလာ ထိန်းချုပ်ရေးစနစ်အတွင်း နည်းပညာပိုင်းဆိုင်ရာ ပြဿနာတစ်ခုကြောင့် လေယာဉ်ထွက်ခွာမှုများကို ထိခိုက်စေပြီးနောက် လေယာဉ်ခရီးစဉ် ၁,၀၀၀ ကျော်ကို စက်တင်ဘာလ ၈ ရက်တွင် ဖျက်သိမ်းခဲ့ရကြောင်း လေယာဉ်ခရီးစဉ် စောင့်ကြည့်ရေး ဝက်ဘ်ဆိုက် Flightradar24 က ဖော်ပြခဲ့သည်။
လေကြောင်းအသွားအလာ ထိန်းချုပ်ရေး ပံ့ပိုးပေးသူ NATS သည် နည်းပညာပိုင်းဆိုင်ရာ ချွတ်ယွင်းမှုတစ်ခုနှင့် ကြုံတွေ့ပြီးနောက် ဗြိတိန်နိုင်ငံတစ်ဝှမ်းရှိ လေဆိပ်များတွင် လေယာဉ်ခရီးစဉ် နှောင့်နှေးမှုများနှင့် ဖျက်သိမ်းမှုများ ဖြစ်ပွားခဲ့သည်။
လေယာဉ်များ ဘေးကင်းစွာ မထွက်ခွာနိုင်သောကြောင့် လေယာဉ်ထွက်ခွာမှုများ ပြင်းထန်စွာ နှောင့်နှေးခဲ့ရကြောင်း လေကြောင်းပို့ဆောင်ရေး အကြီးအကဲများက ပြောကြားခဲ့သည်။
ဗြိတိန်နိုင်ငံတစ်ဝန်းတွင် လေကြောင်းပို့ဆောင်ရေးပြဿနာများ ဆက်လက်ဖြစ်ပေါ်နေပြီးနောက် နှစ်နာရီနီးပါးအကြာတွင် အမျိုးသားလေကြောင်းပို့ဆောင်ရေး ထိန်းချုပ်ရေးဌာန (NATS) က အင်ဂျင်နီယာများသည် ပြဿနာကို ဖော်ထုတ်ပြီး ပြင်ဆင်ပြီးဖြစ်ကြောင်း ပြောကြားခဲ့ကြောင်း The Independent သတင်းဌာနက ဖော်ပြခဲ့သည်။
သို့သော် စနစ်ပုံမှန်ပြန်ဖြစ်ရန် အချိန်မည်မျှကြာမည်ကို ရှင်းရှင်းလင်းလင်း မသိရသေးပေ။ ဗြိတိန်နိုင်ငံတစ်ဝန်း လေဆိပ် ၁၅ ခုတွင် လေယာဉ်ခရီးစဉ်များနှောင့်နှေးနေကြောင်း သိရသည်။
Ryanair လေကြောင်းလိုင်းက ၎င်း၏ ခရီးသည် ၁၅၀,၀၀၀ အထိ ပြင်းထန်သော နှောင့်နှေးမှုများနှင့် ဖျက်သိမ်းမှုများကြောင့် ထိခိုက်ခဲ့ရကြောင်း သတင်းထုတ်ပြန်ခဲ့သည်။ British Airways ကလည်း လေယာဉ်ခရီးစဉ် ၁၀၀ ကျော်ကို ဖျက်သိမ်းခြင်း သို့မဟုတ် လမ်းကြောင်းပြောင်းခြင်း ပြုလုပ်ခဲ့ရကြောင်း ပြောကြားခဲ့သည်။
Ref-Indian Express
