၉.၉.၂၀၂၆
Written by Linn Eain
နေပြည်တော်ကောင်စီနယ်မြေအတွင်း ဆိုင်ကယ် ၁၉ စီး လိုက်လံခိုးယူခဲ့သူ အမျိုးသားနှစ်ဦးကို သက်သေခံဆိုင်ကယ်များနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
နေပြည်တော်ကောင်စီနယ်မြေ ပျဉ်းမနားမြို့နယ်၊ စက်ရုံကျေးရွာနေ အမျိုးသမီးတစ်ဦးသည် မေ ၁၂ ရက်၊ နံနက်ပိုင်းတွင် ဈေးကုန်းကျေးရွာရှိ ဆင်သေဈေးသို့ ၎င်းပိုင် ၄၆ယ/—- Honda Wave – 100 ဆိုင်ကယ်ဖြင့် သွားရောက်ခဲ့ပြီး ဆိုင်ကယ်အား ဈေးအနီးရပ်တန့်၍ ဈေးဝယ်သွားခဲ့ကြောင်း၊ စျေးဝယ်ပြီးပြန်လာစဉ် ဆိုင်ကယ်ပျောက်ဆုံးခဲ့ကြောင်း သိရသည်။
ထို့နောက် ဆိုင်ကယ်ခိုးယူမှုအား ပျဉ်းမနားမြို့မရဲစခန်းတွင် (ပ) ၁၄၅/ ၂၀၂၆၊ ရာဇသတ်ကြီးပုဒ်မ ၃၇၉ (မော်တော်ဆိုင်ကယ်) ဖြင့် အမှုဖွင့်တိုင်ကြားခဲ့ပြီး သက်ဆိုင်ရာရဲတပ်ဖွဲ့ဝင်များက တရားခံ ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေး နယ်မြေအတွင်းသတင်း ရယူစုံစမ်းခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ယင်းနောက် စက်တင်ဘာ ၁ ရက် ညပိုင်းတွင် ဆိုင်ကယ်ခိုးယူသူ ပျဉ်းမနားမြို့နယ် ညောင်ပင်သာကျေးရွာနေ လမင်းဇော်(၂၂)နှစ်နှင့် ဥယျာဉ်စုရပ်ကွက်နေ ဇင်ရဲထွန်း(ခ)ရဲထွန်း (၂၆) နှစ်တို့ နှစ်ဦးကို ၎င်းတို့၏နေအိမ်များ၌ အသီးသီးဖမ်းဆီးရမိခဲ့ပြီး အခြားပြစ်မှုများ ကျူးလွန်ခဲ့ခြင်းရှိ မရှိစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့စစ်ဆေးမှုအရ ၎င်းတို့နှစ်ဦးသည် ၂၀၂၆ ခုနှစ် မေလ၊ ဇွန်လနှင့် ဇူလိုင်လများအတွင်း ပျဉ်းမနားမြို့နယ်မှ ဆိုင်ကယ် ၁၃ စီး၊ နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ မြို့နယ်များမှ ဆိုင်ကယ်ခြောက်စီး စုစုပေါင်း ဆိုင်ကယ် ၁၉ စီးတို့အား ခိုးယူခဲ့ကြောင်း ဖော်ထုတ်နိုင်ခဲ့ပြီး သက်သေခံဆိုင်ကယ် ၁၉ စီးကို သိမ်းဆည်းနိုင်ခဲ့ကြောင်း သိရသည်။
နေပြည်တော်ကောင်စီနယ်မြေအတွင်း ဆိုင်ကယ်များလိုက်လံခိုးယူသူ လမင်းဇော်နှင့် ဇင်ရဲထွန်း (ခ)ရဲထွန်းတို့ နှစ်ဦးကို ခိုးမှုကျူးလွန်ရာမှရရှိသည့် သက်သေခံဆိုင်ကယ် ၁၉ စီးနှင့်အတူ ဖော်ထုတ်ဖမ်းဆီးရမိခဲ့သဖြင့် ၎င်းတို့ခိုးမှု ကျူးလွန်ခဲ့သည့် သက်ဆိုင်ရာ နယ်မြေရဲစခန်းအသီးသီး၌ အမှုပေါင်း ၁၆ မှုဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

