၉. ၉. ၂၀၂၆
Written by Min Thet
AA အကြမ်းဖက်သူပုန်က လူမျိုးရေး လွှမ်းမိုးလိုစိတ် ပြင်းထန်ပြီး ၁၂ တန်းမြန်မာစာကို ရခိုင်ဘာသာသင်ရိုးသစ်ဖြင့် ပလက်ဝတွင် သင်ကြားနေခြင်းမှာ ဒေသခံ ချင်းလူမျိုးများအား မထီမဲ့မြင်ပြုရာရောက်စေကြောင်း ပလက်ဝဒေသခံများက ပြောဆိုနေကြသည်။
အဆိုပါ လုပ်ရပ်မှာ ပလက်ဝမြို့နယ်အတွင်း နေထိုင်ကြသော ခူမီးချင်းလူမျိုးများနှင့် အခြားချင်းတိုင်းရင်းသားများအပေါ် မထီမဲ့မြင်ပြုရာရောက်သည့်အပြင် ဒေသခံတိုင်းရင်းသားလူမျိုးများ အချင်းချင်းကြား စိတ်ဝမ်းကွဲပြားစေကြောင်းလည်း ကမ္ဘာလုံးဆိုင်ရာခူမီးအဖွဲ့အ စည်း(GKO)က စက်တင်ဘာလ ၆ ရက်တွင် ကြေညာချက်တစ်စောင် ထုတ်ပြန်ဖော်ပြလိုက်သည်။
ဒေသခံပြည်သူများ သဘောဆန္ဒမပါဘဲ ၎င်းတို့အလိုကျ အတင်းအဓမ္မလုပ်ဆောင်ခြင်းမှာ ကုလသမဂ္ဂ၏ ဌာနေတိုင်းရင်းသားများဆိုင်ရာ အခွင့်အရေးကြေညာစာတမ်း ( UNDRIP) ကို ချိုးဖောက်ရာရောက်ကြောင်းနှင့် ပြင်းထန်စွာကန့်ကွက်ရှုတ်ချကြောင်းလည်း GKO က ဖော်ပြထားသည်။

ပြီးခဲ့သည့် သြဂုတ်လက စတင်၍ အဆိုပါ ၁၂ တန်းမြန်မာစာပြဌာန်းစာအုပ်ကို ရခိုင်ဘာသာဖြင့် စတင်သင်ကြားနေခြင်း ဖြစ်ကြောင်း၊ မြန်မာဘာသာစာပေ၊ မြန်မာ့သမိုင်းနှင့် မြန်မာ့ရိုးရာယဉ်ကျေးမှု ဓလေ့များကို ဖယ်ရှားထားပြီး ရခိုင်ပြည်နယ်၊ ရခိုင်လူမျိုးနှင့် သက်ဆိုင်သောသမိုင်း၊ ရိုးရာယဉ်ကျေးမှု ဓလေ့၊ ကဗျာ၊ ဆောင်းပါး၊ ဝတ္ထု၊ သုတ၊ ရသ စသည်တို့ ပါဝင်သော အကြောင်းအရာများကို AA က သင်ကြားနေခြင်း ဖြစ်ကြောင်းလည်း သိရသည်။
AA အကြမ်းဖက် သူပုန်အဖွဲ့အနေဖြင့် ချင်းပြည်နယ်၊ ပလက်ဝနှင့် ရခိုင်ပြည်နယ်အတွင်း ဘူးသီးတောင်၊ မောင်တော၊ ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ ကျောက်တော်၊ ရမ်းဗြဲ၊ သံတွဲ၊ တောင်ကုတ်၊ အမ်း၊ ဂွ မြို့နယ်တို့ကို ယာယီ ထိန်းချုပ်ထားပြီး ယင်းထိန်းချုပ်ရာဒေသအားလုံးတွင် အထက်ပါအတိုင်း ပြောင်းလဲသင်ကြားနေခြင်း ဖြစ်ကြောင်းလည်း သိရသည်။
