၉.၉.၂၀၂၆
Translated by Htwe Ko Tun
နိုင်ငံ၏ အခမဲ့အစားအစာနေ့လည်စာအစီအစဉ်အတွက် တာဝန်ရှိသော အင်ဒိုနီးရှားအေဂျင်စီသည် သန့်ရှင်းရေးစစ်ဆေးမှုများအတွက် မှတ်ပုံတင်ရန်ပျက်ကွက်သောကြောင့် မီးဖိုချောင် ၂,၀၀၀ နီးပါးကို ယာယီပိတ်လိုက်ကြောင်း ၎င်း၏အကြီးအကဲက ပြောကြားခဲ့သည်။
အင်ဒိုနီးရှားနိုင်ငံတစ်ဝန်းတွင် မီးဖိုချောင် ၁,၉၉၉ ခုက မဖြစ်မနေ သန့်ရှင်းရေးနှင့် သန့်ရှင်းရေး လက်မှတ်များ ရရှိရန် ကျန်းမာရေးဝန်ကြီးဌာနတွင် မှတ်ပုံတင်မထားသောကြောင့် ရပ်ဆိုင်းလိုက်ကြောင်း အမျိုးသားအာဟာရအေဂျင်စီအကြီးအကဲ ဆူဒါရာနိုက စက်တင်ဘာ ၇ ရက် တွင် ပြောကြားခဲ့သည်။
လက်ရှိတွင် စက်တင်ဘာ ၇ ရက်အထိ အင်ဒိုနီးရှားနိုင်ငံတစ်ဝန်း အခမဲ့အစားအစာများ ဖြန့်ဝေပေးနေသော မီးဖိုချောင် ၂၇,၀၂၂ ခုရှိကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။
“သန့်ရှင်းရေးနှင့် သန့်ရှင်းရေးလက်မှတ်သည် အခမဲ့အစားအစာအစီအစဉ်ကို ပံ့ပိုးပေးသော မီးဖိုချောင်များ လည်ပတ်ရန်အတွက် မဖြစ်မနေလိုအပ်ချက်တစ်ခုဖြစ်သည်” ဟု အမည်တစ်ခုတည်းဖြင့်သာ ခေါ်ဆိုသော ဆူဒါရာနိုက ပြောကြားခဲ့သည်။
နောက်ထပ် မည်သို့အရေးယူမှုများပြုလုပ်မည်ကို မဆုံးဖြတ်မီ အေဂျင်စီက အဆိုပါမီးဖိုချောင်များကို စုံစမ်းစစ်ဆေးသွားမည်ဟု ၎င်းကပြောခဲ့ပြီး အစားအစာအရည်အသွေးနှင့် အခမဲ့အစားအစာရရှိသူများ ဘေးကင်းရေးကို သေချာစေရန် သန့်ရှင်းရေးနှင့် သန့်ရှင်းရေးစံနှုန်းများကိုလိုက်နာရေး ညှိနှိုင်း၍ မရကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။
၂၀၂၅ ခုနှစ် ဇန်နဝါရီလတွင် စတင်ခဲ့သည့် သမ္မတ ပရာဘိုဝို ဆူဘီယန်တို၏ ရည်မှန်းချက် ကြီးမားသည့် အစီအစဉ်မှာ အဂတိလိုက်စားမှု၊ ခေါင်းဆောင်မှုပြောင်းလဲမှုနှင့် ကြီးမားသည့် အစားအသောက်အဆိပ်သင့်မှုဖြစ်ပွားမှုများ အပါအဝင် ပြဿနာများစွာနှင့် ရင်ဆိုင်နေရသည်။
ပြီးခဲ့တဲ့အပတ်ကပင် ပြည်နယ်အတော်များများ၌ ကျောင်းသားနှင့် ဆရာ၊ ဆရာမ ၂,၀၀၀ ကျော်မှာ အခမဲ့အစားအစာများကို စားသုံးပြီးနောက် အစာအဆိပ်သင့် ဖျားနာခဲ့ကြသည်။ အေဂျင်စီက ထိုကိစ္စများကို အလေးအနက်ထား ကိုင်တွယ်မည်ဟု ကတိပြုခဲ့သည်။။
စက်တင်ဘာ ၁ ရက်အထိ အခမဲ့အစားအစာများစားသုံးမှုမှ အစားအသောက်အဆိပ်သင့်မှု အနည်းဆုံး လူပေါင်း ၅၀,၀၀၀ ခံစားခဲ့ရကြောင်း အစီအစဉ်ကို ကြီးကြပ်သည့် ဥပဒေပြုအမတ် ချားလ်စ် ဟိုနိုရစ်က ကျန်းမာရေးဌာန အချက်အလက်များကို ကိုးကားပြီး ပြောခဲ့သည်။။
အစားအသောက်အဆိပ်သင့်မှုမှာ အစားအစာများကိုမသင့်လျော်စွာ သိုလှောင်မှုနှင့် အစားအစာများ နောက်ကျပို့ဆောင်မှုကြောင့် အများဆုံးဖြစ်ပွားရကြောင်း အေဂျင်စီက ပြောခဲ့သည်။
Ref-Reuters
