သက်တံ့
၈. ၉. ၂၀၂၆
တနင်္သာရီတိုင်းဒေသကြီးလွှတ်တော်တွင် ဦးကိုကိုကြီး၏ ပြည်သူ့ပါတီမှ လွတ်တော်ကိုယ်စားလှယ်နှစ်ဦး အမတ်နေရာ စွန့်လွှတ်လိုက်ရပြီး ပြည်ခိုင်ဖြိုးပါတီကိုယ်စားလှယ်နှစ်ဦးက အမတ်ဖြစ်လာခဲ့ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်၏ အတည်ပြု ထုတ်ပြန်မှုအရ သိရသည်။
တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် (မဲအများဆုံးရသူအနိုင်ယူစနစ်)၊ မြိတ်မြို့နယ် မဲဆန္ဒနယ်အတွက် ရွေးကောက်တင်မြှောက်ခံထားရသော ကိုယ်စားလှယ်အမှတ် (၁) ဦးခိုင်ဦး၏ ရွေးကောက်တင်မြှောက်ခံရခြင်းကို ယင်းမဲဆန္ဒနယ်၌ ယှဉ်ပြိုင်အရွေးခံသူ ဦးဝင်းကြူက ရွေးကောက်ပွဲမသမာမှုရှိခဲ့ကြောင်း ရွေးကောက်ပွဲ ကန့်ကွက်လွှာ တင်သွင်းသဖြင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၆၉ အရ ရွေးကောက်ပွဲခုံအဖွဲ့ဖြင့် လည်းကောင်း၊ ပုဒ်မ ၇၅ အရ ရွေးကောက်ပွဲ ကန့်ကွက်လွှာအယူခံမှုဖြင့်လည်းကောင်း ကြားနာစစ်ဆေး၍ ဆုံးဖြတ်ချက် ချမှတ်ခဲ့ခြင်း ဖြစ်သည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ၇ – ၉ – ၂၀၂၆ ရက်စွဲပါ ရွေးကောက်ပွဲကန့်ကွက်လွှာ အယူခံမှုအမှတ် (၁/၂၀၂၆) ဆုံးဖြတ်ချက်တွင် တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် ( မဲအများဆုံးရသူ အနိုင်ယူစနစ်)၊ မြိတ်မြို့နယ်မဲဆန္ဒနယ်အတွက် ဦးခိုင်ဦးအား လွှတ်တော်ကိုယ်စားလှယ်အမှတ် (၁) အဖြစ် ရွေးကောက်တင်မြှောက်ခဲ့ခြင်းသည် ဥပဒေအရ ပျက်ပြယ်ကြောင်းနှင့် ယင်းမဲဆန္ဒနယ်၏ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်အမှတ် (၁) အဖြစ် ဥပဒေနှင့်အညီ ရွေးကောက်တင်မြှောက်ခံရသူမှာ ဦးဝင်းကြူဖြစ်ကြောင်း တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲ ဥပဒေ ပုဒ်မ ၇၅(က) အရ ဆုံးဖြတ်ခဲ့သည်။
သို့ဖြစ်ပါ၍ ပြည်သူ့ပါတီမှ ဦးခိုင်ဦး [ ၆/မအရ(နိုင်) ၀၉၈၁၇၄ ] သည် ယခုကြေညာသည့်နေ့မှစ၍ လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဆက်လက်ရပ်တည်ပိုင်ခွင့်မရှိတော့ကြောင်းနှင့် တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် (မဲအများ ဆုံးရသူ အနိုင်ယူစနစ်)၊ မြိတ်မြို့နယ်မဲဆန္ဒနယ်၏ လွှတ်တော်ကိုယ်စားလှယ်အမှတ် (၁) မှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဦးဝင်းကြူ [ ၆/တသရ (နိုင်) ၀၁၂၂၆၇ ] ဖြစ်ကြောင်း သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၇၅ (ခ) အရ သတ်မှတ်ကြေညာလိုက်သည်။
အလားတူ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ၇ – ၉ – ၂၀၂၆ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့် ကြေညာချက်အမှတ် ( ၅၄/၂၀၂၆ ) အရ တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲဥပဒေပုဒ်မ ၈၁-က နှင့်အညီ မြိတ်မြို့နယ်မဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ်အမှတ် (၁) ဦးခိုင်ဦး ရရှိသည့် ဆန္ဒမဲရလဒ်များကို နုတ်ပယ်၍ ကျန်ရှိသော ခိုင်လုံမဲများကို သတ်မှတ်ထားသည့်အတိုင်း ပြန်လည်တွက်ချက်ရာတွင် လောင်းလုံးမြို့နယ် လွှတ်တော်ကိုယ်စားလှယ်အမှတ် (၂) ဖြစ်သူ ပြည်သူ့ပါတီမှ ဦးတင်စိုး [ ၆/ဘပန(နိုင်) ၀၁၃၁၀၄ ] သည် ယခုကြေညာသည့်နေ့မှစ၍ လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဆက်လက်ရပ်တည်ပိုင်ခွင့် မရှိတော့ကြောင်းနှင့် သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲ နည်းဥပဒေ ၁၈ (ဃ) အရ နိုင်ငံရေးပါတီများက ဦးစားပေး အစီအစဉ်အတိုင်း တင်ပြထားသည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ စာရင်းအရ တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် (အချိုးကျကိုယ်စားပြုစနစ်) မဲဆန္ဒနယ်အမှတ် (၁) တွင် လောင်းလုံးမြို့နယ် လွှတ်တော်ကိုယ်စားလှယ်အမှတ် (၂) မှာ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ဒေါ်မြမြစိမ်း [ ၆/ထဝန(နိုင်)၀၇၀၉၁၀ ] ဖြစ်ကြောင်း သတ်မှတ်ကြေညာလိုက်ကြောင်း သိရသည်။
