၈.၉.၂၀၂၆
Written by Linn Eain
ဧရာဝတီတိုင်းဒေသကြီးရှိ လေးမျက်နှာ၊ ဟင်္သာတ၊ ကျုံပျော်နှင့် ရေကြည်မြို့နယ်တို့ရှိ ရေဘေးကယ်ဆယ်ရေးစခန်းများတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်နှင့် UID များ စက်တင်ဘာ ၇ ရက်တွင် ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါကွင်းဆင်း ဆောင်ရွက်နေမှုများကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်နှင့် ဧရာဝတီတိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ တာဝန်ရှိသူများနှင့်အတူ သွားရောက်ကြည့်ရှုခဲ့ပြီး ရေကြီးနစ်မြုပ်မှုကြောင့် ပျောက်ဆုံးပျက်စီးသွားသည့် ရေဘေးသင့်ပြည်သူများ၏ အိမ်ထောင်စု လူဦးရေစာရင်း၊ နိုင်ငံသားစိစစ်ရေးကတ်နှင့် UID နံပါတ်တို့ကို ကာယကံရှင်တစ်ဦးချင်းထံ ပေးအပ်ခဲ့ကြောင်း သိရသည်။
ရေဘေးသင့်ခဲ့သည့် လေးမျက်နှာမြို့နယ်၊ စာရေးကွင်းကျေးရွာ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံ ရေဘေးကယ်ဆယ်ရေးစခန်းရှိ ဒေသခံပြည်သူများကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန လေးမျက်နှာမြို့နယ်ဦးစီးမှူးရုံးမှဝန်ထမ်းများက လမင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်း၊ နိုင်ငံသားစိစစ်ရေးကတ်ထုတ်ပေးခြင်းနှင့် e-ID စနစ် ဖြင့် UID နံပါတ်ထုတ်ပေးခြင်းတို့ကို ကွင်းဆင်းဆောင်ရွက်ပေးခဲ့ပြီး ပြည်ထောင်စု၀န်ကြီးကကယ်ဆယ်ရေးစခန်းသုံးခုမှ ရေဘေးသင့်ပြည်သူများအတွက် ဆန်အိတ် ၁၅၀ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ထို့နောက် ဟင်္သာတမြို့နယ်ဦးစီးမှူးရုံး၌ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးနှင့် UID ကတ်များ ပြုလုပ်ပေးနေမှုကိုလည်းကောင်း၊ ကျုံပျော်မြို့နယ်တွင် ရေဘေးကယ်ဆယ်ရေးစခန်းဖွင့်လှစ်ထားရှိသည့် မြို့နယ်အားကစားခန်းမ၌ ရေဘေးသင့်ပြည်သူများအား ကျုံပျော်မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက ရေကြီးရေလျှံမှုကြောင့် ပျောက်ဆုံးပျက်စီးသွားသည့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ် ပြန်လည်စိစစ်ထုတ်ပေးခြင်းနှင့် UID နံပါတ် ကောက်ယူဆောင်ရွက်ပေးနေမှုကိုလည်းကောင်း ပြည်ထောင်စု၀န်ကြီးနှင့်အဖွဲ့ သွားရောက်ကြည့်ရှုခဲ့ပြီး အဆိုပါစခန်းရှိ ရေဘေးသင့်ပြည်သူများအတွက် ဆန်အိတ် ၁၀၀၊ အခြားစခန်းအတွက် ဆန်အိတ် ၅၀ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ထို့နောက် ပြည်ထောင်စု၀န်ကြီးသည် ရေကြည်မြို့နယ် ရေဘေးသင့်ကယ်ဆယ်ရေးစခန်းဖွင့်လှစ်ထားရှိသည့် မြို့နယ်အားကစားခန်းမ၌ ရေဘေးသင့်ပြည်သူများအား အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်များ လမင်းစီမံချက်ဖြင့် ပြန်လည်စိစစ်ဆောင်ရွက်ပေးနေမှုကို ကြည့်ရှုခဲ့ပြီး ရေဘေးသင့်ပြည်သူများအတွက် ဆန်အိတ် ၅၀ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
