၈.၉.၂၀၂၆
Written By Thandar
ရွှေနဒီရွှေရည်ရုပ်ရှင်ထုတ်လုပ်ရေးက တစ်ချိန်ကအောင်မြင်ခဲ့တဲ့ လယ်တွင်းသားစောချစ်ရဲ့ ဝတ္ထုကို ရိုက်ကူးထုတ်လုပ်မယ့် “ရွှေမြင်းမိုရ် ပြိုမှာစိုးတယ်” ရုပ်ရှင်ဇာတ်ကားကြီး ကန်တော့ပွဲပေး အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ရွှေတိဂုံစေတီတော်ကြီးမှာ ပြုလုပ်ခဲ့ပါတယ်။
အဆိုပါ ဇာတ်ကားက စာရေးဆရာကြီး လယ်တွင်းသားစောချစ်ရဲ့ အောင်မြင်ထင်ရှားတဲ့ လုံးချင်းဝတ္ထုကို လွင်မင်းအံ့က ဇာတ်ညွှန်းရေးပြီး ဒါရိုက်တာ အကယ်ဒမီ သြရသက တာဝန်ယူ ပုံဖော်ရိုက်ကူးပေးမှာပဲ ဖြစ်ပါတယ်။ သရုပ်ဆောင်တွေအဖြစ် နိုင်းနိုင်း၊ ရဲရင့်သော်၊ မေမီကိုကို၊ ပိုးမမှီသာ၊ ဇင်မျိုး၊ အောင်ဇော်မင်း၊ မျိုးမျိုးခိုင်၊ အေးသီတာ၊ နန်းခမ်းဝါ၊ ကလေးသရုပ်ဆောင်နန်းကုဋေစံဦး၊ ကောင်းကင်ကိုကို၊ ပိုးမြတ်ရတနာကျော်နဲ့ အနုပညာရှင်များစွာ ပါဝင်သရုပ်ဆောင်ကြမှာ ဖြစ်ပါတယ်။
“ရွှေမြင်းမိုရ်ပြိုမှာစိုးတယ်” လုံးချင်းဝတ္ထုကို တစ်ချိန်က ဒါရိုက်တာ မောင်နှင်းမိုးက အကယ်ဒမီ ကျော်သူ၊ အကယ်ဒမီ ထွန်းထွန်းဝင်း၊ အကယ်ဒမီ စိုးမြတ်သူဇာ၊ အကယ်ဒမီ မြတ်ကေသီအောင်တို့နဲ့ ဗီဒီယိုဇာတ်ကား အဖြစ်လည်း ရိုက်ကူးခဲ့ဖူးသလို ဒါရိုက်တာ မောင်ပြည့်ဝ (ပန်းဝေသီ)ကလည်း “ ပြုံးနေတဲ့လမင်း “ နာမည်နဲ့ အကယ်ဒမီ ဒွေး၊ ဇွဲ၊ အကယ်ဒမီ နန္ဒာလှိုင်၊ သဇင် စတဲ့ သူတွေ ပါဝင်သရုပ်ဆောင်ထားတဲ့ ဗီဒီယိုဇာတ်ကားအနေနဲ့ ပြန်လည်ပုံဖော်ခဲ့တဲ့ကားလည်းဖြစ်ပါတယ်။
ယခင်ရိုက်ကူးထားတဲ့ ဇာတ်ကားနာမည်အတိုင်းပဲ ရွှေမြင်းမိုရ်ပြိုမှာစိုးတယ် နာမည်နဲ့ ဒါရိုက်တာ ဩရသက ရုပ်ရှင်ဇာတ်ကားကြီးအဖြစ် ပုံဖော်ရိုက်ကူးတော့မှာပဲဖြစ်ပါတယ်။
#လယ်တွင်းသားစောချစ် #နိုင်းနိုင်း #မေမီကိုကို #ရဲရင့်သော် #ပိုးမမှီသာ #အကယ်ဒမီဩရသ #ninenine #yeyintthaw #maymikoko #poemamhethar #ရွှေမြင်းမိုရ်ပြိုမှာစိုးတယ် #ရွှေနဒီရွှေရည်ရုပ်ရှင်ထုတ်လုပ်ရေး
