၈.၉.၂၀၂၆
Translated by Htwe Ko Tun
ရုရှားနှင့် မြောက်ကိုရီးယားနိုင်ငံတို့သည် နှစ်နိုင်ငံအကြား နိုင်ငံရေး၊ စီးပွားရေးနှင့် စစ်ရေးဆက်ဆံရေးများ ပိုမိုနက်ရှိုင်းလာသည်နှင့်အမျှ တူမန်မြစ်ကိုဖြတ်၍ နှစ်နိုင်ငံကို ဆက်သွယ်ပေးသည့် ပထမဆုံးကုန်းလမ်းတံတားကို စက်တင်ဘာလ ၇ ရက်က ဖဲကြိုးဖြတ် ဖွင့်လှစ်လိုက်ကြောင်း သိရသည်။
ရုရှား-မြောက်ကိုရီးယား ကုန်းလမ်းတံတားအသစ်၏အမည်ကို မြောက်ကိုရီးယားနိုင်ငံတည်ထောင်သူ ကင်အီဆွန်း၏ အသက်ကို ကယ်တင်ခဲ့သူအဖြစ် ချီးကျူးဂုဏ်ပြုခံရသော ဆိုဗီယက်တပ်နီအရာရှိ ယာကော့ဗ် နိုဗီချန်ကို၏ အမည်ကို အစွဲပြု၍ ယာကော့ဗ် နိုဗီချန်ကို တံတားဟု အမည်ပေးထားသည်။ နိုဗီချန်ကို၏ ဆွေမျိုးများကလည်း ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ကြသည်။
ဤတံတားသည် တူမန်မြစ်ကို ဖြတ်ကျော်ပြီး နှစ်နိုင်ငံအကြား သယ်ယူပို့ဆောင်ရေးလမ်းကြောင်းများကို နောက်ထပ်တိုးချဲ့မှုတစ်ခုအဖြစ် အမှတ်အသားပြုသည်။
ဤကုန်းလမ်းတံတားက ကိုရီးယားစစ်ပွဲအပြီး ၁၉၅၉ ခုနှစ်တွင် ဖွင့်လှစ်ခဲ့သော ရထားလမ်းတံတားဖြစ်သည့် ချစ်ကြည်ရေးတံတားအနီးတွင် ရှိသည်။
ရုရှားနှင့် မြောက်ကိုရီးယားတို့သည် တိုက်ရိုက်ရထားလမ်းနှင့် လေကြောင်းဆက်သွယ်မှုများ ရှိပြီးသား ဖြစ်သော်လည်း ယခုအချိန်အထိ ၎င်းတို့အကြား ကုန်းလမ်းတံတားဟူ၍ မရှိခဲ့သေးပေ။
၂၀၂၄ ခုနှစ်တွင် ရုရှားသမ္မတ ဗလာဒီမာပူတင်၏ မြောက်ကိုရီးယားခရီးစဉ်အတွင်း ဤစီမံကိန်းကို သဘောတူညီပြီးနောက် ၂၀၂၅ ခုနှစ် ဧပြီလတွင် ဆောက်လုပ်ရေးလုပ်ငန်းများ စတင်ခဲ့သည်။
ရုရှားဝန်ကြီးချုပ် မီခေးလ် မီရှုတင်က တံတားသစ်သည် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၊ ခရီးသွားလုပ်ငန်းနှင့် အလုပ်အကိုင်အခွင့်အလမ်းများကို မြှင့်တင်ပေးလိမ့်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
“နယ်စပ်ဖြတ်ကျော် သယ်ယူပို့ဆောင်ရေး အခြေခံအဆောက်အအုံများ တိုးချဲ့ခြင်းသည် ကုန်သွယ်ရေး၊ စီးပွားရေး၊ သိပ္ပံ၊ နည်းပညာနှင့် ယဉ်ကျေးမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုဖွံ့ဖြိုးတိုးတက်စေရန်အတွက် အားကောင်းသော တွန်းအားတစ်ခု ပေးစွမ်းနိုင်လိမ့်မည်ဟု ကျွန်ုပ် ယုံကြည်ပါသည်” ဟု ဖွင့်ပွဲအခမ်းအနားတွင် မီရှုတင်၏ ပြောကြားချက်ကို TASS သတင်းဌာနက ကိုးကားဖော်ပြခဲ့သည်။
Ref-DW News
