၇.၉.၂၀၂၆
translated by Htwe Ko Tun
နီပေါနိုင်ငံတွင် ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့စဉ်အတွင်း သူမသေဆုံးသွားသည်ဟု မိသားစုကယုံကြည်ကာ ဝမ်းနည်းပူဆွေးမှု အခမ်းအနားကို ရက်အနည်းငယ်အကြာကပင် စတင်ကျင်းပနေခဲ့ပြီးမှ အသက် ၆၀ နှစ်ရှိ ချန်ဒီကာ ကူမာရီ ရှရက်စသာဆိုသူ နီပေါအမျိုးသမီးကြီးအား အသက်ရှင်လျက် ပြန်လည်တွေ့ရှိခဲ့ကြောင်း သိရသည်။
ကယ်ဆယ်ရေးသမားများက ဘီထရာဝါတီရွာရှိ ပြိုကျပျက်စီးသွားသော အိမ်အတွင်းတွင် ရေနှင့် ရွှံ့များကြား၌ အသက်ရှုရန် လေအနည်းငယ်သာရကာ အသက်ရှင်ကျန်ရစ်ခဲ့သော သူမအား ရေကြီးမှုဖြစ်ပြီး ၁၁ ရက်အကြာ စက်တင်ဘာလ ၅ ရက်က ပြန်လည်ကယ်ဆယ်နိုင်ခဲ့ကြသည်။။
ရဲအရာရှိ မာဟန်ဒရာ ဒါနယ်လ်က “လေးထပ်အိမ်က ရေကြီးမှုမှာ မျောပါသွားပြီး အိမ်ကနောက်ဆုံး သဲဗွက်တစ်ခုအလယ်မှာ ကျန်ရစ်ခဲ့တယ်။ အိမ်ကိုပတ်ပြီး လမ်းလျှောက်နေတုံး ‘ကျွန်မကို ကယ်ပါ’ ဆိုတဲ့ အသံကို ကျွန်တော်တို့ ကြားခဲ့ရတာပဲ” ဟု ပြောကြားခဲ့သည်။
စက်တင်ဘာ ၅ ရက်က ၄၅ မိနစ်ကြာ ကယ်ဆယ်ရေး လုပ်ငန်းပြုလုပ်အပြီး ဒါနယ်လ်နှင့် ၎င်း၏အဖွဲ့သည် ရှရက်စသာကို ကျဉ်းကျပ်သောနေရာတွင် တွေ့ရှိကယ်ဆယ်ခဲ့ကာ စစ်ဆေးရုံသို့ ပို့ဆောင်ခဲ့သည်။
“မိသားစုနဲ့ ကျွန်တော်တို့ ဆက်သွယ်ခဲ့ပြီ။ သူတို့က ၁၁ ရက်ကြာ ဝမ်းနည်းပူဆွေးမှုကာလကိုတောင် စတင်နေပြီ” ဟု ဒါနယ်လ်ကဆက်လက် ပြောကြားခဲ့သည်။
နီပေါနိုင်ငံတွင် ရေကြီးရေလျှံမှုဒဏ်ကို အဆိုးရွားဆုံးခံစားခဲ့ရပြီး ကွန်ကရစ်ကဲ့သို့ ဖိသိပ်ထားသော အဖြူရောင်အနည်အနှစ်များဖြင့် ဖုံးလွှမ်းနေသည့် ဘီထရာဝါတီရွာတွင် ရှရက်စသာသည် ပျောက်ဆုံးနေသူ ရာပေါင်းများစွာထဲမှ တစ်ဦးဖြစ်သည်။ ကယ်ဆယ်ရေးအဖွဲ့များသည် ပျောက်ဆုံးနေသူများစွာကို ဆက်လက်ရှာဖွေနေကြဆဲဖြစ်သည်။
ဘီထရာဝါတီ၏ဈေးနှင့် အချို့ဆိုလျှင် လေးထပ်အထိ မြင့်မားသည့် လူနေအဆောက်အအုံအများစုတို့မှာ ချိုင့်ဝှမ်းကို ဖြတ်သန်းစီးဆင်းသော ရေစီးကြောင်းကြောင့် လုံးဝနီးပါး နစ်မြုပ်ခဲ့သည်။ နီပေါနိုင်ငံတစ်ဝန်းတွင် စက်တင်ဘာလ ၇ ရက် နံနက်အထိ လူ ၁,၃၅၅ ဦး သေဆုံးခဲ့သည့် ဘေးအန္တရာယ်၏ တစ်စိတ်တစ်ပိုင်းဖြစ်သည့် ကျန်ရစ်ခဲ့သည့် အပျက်အစီးများအောက်တွင် လူပေါင်း ၅,၀၀၀ နီးပါး ပျောက်ဆုံးနေဆဲဖြစ်သည်။
Ref; asiaone
