၇.၉.၂၀၂၆
Written by Thiri
ရှမ်းပြည်နယ်တောင်ပိုင်း၊ အောင်ပန်းမြို့၊ ဇောတိကရပ်ကွက်ရှိ ကားဝပ်ရှော့ အလုပ်ရုံအတွင်း ဒီကနေ့ စက်တင်ဘာ ၇ ရက် နံနက်ပိုင်းက အမျိုးသားတစ်ဦး ကြိုးဆွဲချ သေဆုံးနေတဲ့ ဖြစ်စဉ် ဖြစ်ပွားခဲ့တယ်လို့ အောင်ပန်း နာရေးကူညီမှု အသင်းထံကနေ သိရပါတယ်။
သေဆုံးသူမှာ အဆိုပါ အလုပ်ရုံတွင် လုပ်ကိုင်နေသည့် အသက် (၃၆) နှစ် အရွယ် ကိုကျော်စွာ (ခ) ကိုကျော်စွာသိန်း ဆိုသူဖြစ်ပြီး စက်တင်ဘာ ၇ ရက် နံနက် ၈ နာရီခန့်မှာ လုပ်ဖော်ကိုင်ဖက်က ၎င်းထံသို့ ဖုန်းဆက်သွယ်ရာ လက်ခံဖြေကြားခြင်းမရှိလို့ ၎င်းနေထိုင်ရာအခန်းအတွင်း သွားရောက်ကြည့်ရှုစဉ် ခြေရင်းရှိ ထုပ်တန်းမှာ ကြိုးဆွဲချ သေဆုံးနေသည်ကို စတင်တွေ့ရှိခဲ့တာလို့ သိရပါတယ်။
အဆိုပါ အမျိုးသား အဆုံးစီရင်သွားခဲ့ရတဲ့ အကြောင်းအရင်းကို မသိရှိရသေးဘဲ ဖြစ်စဉ်မှ သေဆုံးသူရဲ့ ရုပ်အလောင်းကို အောင်ပန်းနာရေးကူညီမှု အသင်းမှ အောင်ပန်းဆေးရုံဆီ ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လ ၁၉ ရက်နေ့ကလည်း အောင်ပန်းမြို့ မင်္ဂလာရပ်ကွက်က နေအိမ်တစ်အိမ်မှာ အမျိုးသားတစ်ဦး ကြိုးဆွဲချ သေဆုံးမှု ဖြစ်ပွားခဲ့ပါသေးတယ်။
